ရှမ်းမြောက်ဒေသ၊ လားရှိုးကို အခြေပြု၍ စစ်ကောင်စီက စစ်ရေး အကြီး အကျယ် ပြင်ဆင်နေမှု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်တော့မလား
By PDF Insight
ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက် ဘယ် တော့ ကျိုးပေါက်မလဲ လို့မေးရင် မကြာခင် ကျိုးပေါက်တော့မယ်လို့ ဖြေဆိုလို့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်ဒေသမှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ နဲ့ အကြမ်းဖက် စစ်တပ်ကြား တရုတ်နိုင်ငံ ကြားဝင်ပေးမှု နဲ့ ဟိုင်ဂင်ယာယီ အပစ်ရပ်ရေး သဘော တူညီချက်ကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ရရှိခဲ့ပါတယ်။
အခုဆိုရင် သဘောတူစာချုပ်ချုပ်ဆိုထားတာ ၅ လ နီးပါး ဖြစ်လာပြီ ဖြစ်ပြီး ရှမ်းမြောက်ဒေသမှာလည်း တင်းမာ မှုလေးတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီအတွက် လူထုအများစု သိရှိလိုကြတာကတော့ ဟိုင်ဂင် သဘောတူညီချက် ဘယ်လောက် ကျိုးပေါက်မလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
စစ်ကောင်စီက လားရှိုးမှာရှိတဲ့ အရှေ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ်ကို အခြေပြုလို့ စစ်အင်အားတွေကို အကြီး အကျယ် ဖြည့်တင်းနေပါတယ်။ ပြည်သူ့စစ်တွေ ထောင်ချီ ပို့ဆောင်တယ်။ စစ်သင်တန်းပေးတယ်၊ လက်နက်တပ်ဆင်တယ်။ ဒရုန်းအစင်းရေ ၄၀၀ ပို့တယ်၊ ဒရုန်းဗုံးတွေ ထောင်ချီ ပေးပို့တယ်။ အမြောက်တွေ၊ လက်နက်ခဲယမ်းတွေ တောက်လျှောက်ပို့တယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးကို တန်းပြည့်စစ်မှုထမ်းတွေ အဖြစ် ၂၄ နာရီ အသင့်ရှိရမယ်လို့ မေလဆန်းပိုင်းမှာ မင်းအောင်လှိုင်က ကြေညာလိုက်တယ်။ ဒါ့အပြင် ရှမ်းမြောက်ဒေသဘက်ကို ကင်းထောက်ထောက်လှမ်းရေး ဒရုန်းတွေ မကြာခဏဆိုသလို လွှတ်ပျံသန်းပြီး နယ်မြေ လေ့လာမှုတွေလည်း စစ်တပ်က လုပ်ဆောင်နေပါတယ်။ ဒါတွေက စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ၅ လတာ ကာလအတွင်းမှာ မရပ်မနား လုပ်ဆောင်လာတာဖြစ်ပါတယ်။
သေချာတာကတော့ ဘယ်သဘောတူညီချက်ကိုမှ လေးစားလိုက်နာမှု မရှိတဲ့ စစ်အာဏာရှင်တွေနဲ့ ချုပ်ဆိုထားတာဖြစ်တဲ့ အတွက် ခိုင်မာမှု မရှိဘဲ အနှေးနဲ့ အမြန် ကျိုးပေါက်မှာပဲ ဖြစ်ပါတယ်။ အသိသာဆုံး ဥပမာကတော့ စစ်တပ်နဲ့ နိုင်ငံရေး အင်အားစုတွေကြားက နိုင်ငံရေး သဘောစာချုပ်ဖြစ်တဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ၂၀၂၁ ခုနစ် စစ်အာဏာသိမ်းပြီး ချိုးဖောက်လိုက်မှု ဖြစ်ပါတယ်။
အလားတူပဲ ၂၀၁၁ ခုနစ် ကချင်တကျော့ပြန် စစ်ပွဲ၊ ၂၀၀၉ ခုနစ် ကိုးကန့် အထူးဒေသ ကို တိုက်ခိုက်မှုတွေကို ကြည့်ပါက စစ်တပ်ရဲ့ မယုံကြည်ရမှုဟာ သိသာပါတယ်။ လက်ရှိ အချိန်မှာလဲ ရှမ်းမြောက်ဒေသကို စစ်အင်အား တိုးချဲ့မှုတွေ လုပ်ဆောင်နေသလို တိုင်းရင်းသားတွေကြား လူမျိုးရေးပုံစံတင်းမာမှုတွေ ပေါ်ပေါက်လာစေရန်လည်း မီးမွှေးပေးလျက်ရှိပါတယ်။
ရခိုင်ဒေသမှာ ဆိုရင်လဲ ရခိုင်တိုင်းရင်းသားတွေ နဲ့ ရိုဟင်ဂျာတွေကြား တင်းမာ မှုတွေ ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ စစ်တပ်ရဲ့ အပစ်ရပ်မှုဆိုတာ သူ့အင်အား မလုံလောက်လို့ အင်အားဖြည့်ချင်လို့၊ အချိန်ဆွဲချင်လို့ယူတဲ့ အပစ်ရပ်မှုပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အခြေအနေ ကောင်းလာပြီ အင်အားလုံလောက်လာပြီဆိုတာနဲ့ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မှာ ဖြစ်ပါတယ်။
လက်ရှိကာလမှာ ဟိုင်ဂင်နောက်ဆက်တွဲ သဘောတူညီချက်တွေ ရဖို့ တရုတ် နိုင်ငံမှာ ဆွေးနွေးလျက်ရှိပေမယ့်လဲ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို စစ်တပ်က လုပ်ဆောင်လျက်ရှိတာကြောင့် မကြာခင် ကာလမှာပဲ အပစ်ရပ် ကျိုးပေါက်သွားပြီး ရှမ်းမြောက်ဒေသတိုက်ပွဲတွေ ပြန်လည်စတင်လာနိုင်ပါတယ်။ စစ်အာဏာရှင်တွေ နားလည်တာက လက်နက်ခွန်အားဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။
ခွန်အားသေးငယ်၊ အင်အားနည်းနေရင် လူရာမသွင်းချင်ဘဲ အင်အားကြီးမားသူတွေကိုသာ လူရာသွင်းချင်တဲ့ စိတ်ပဲ ရှိပြီး တန်းတူညီမျှမှု၊ တရားမျှတမှု ဆိုတာတွေကို နားလည်တဲ့ ဗီဇ ပါလာခြင်း မရှိပါဘူး။ ကိုယ်အင်အားနည်းနေရင် မူမရှိဘဲ အောက်ကျို့ဖို့၊ ဝန်မလေးသလို အင်အားကြီးလာရင်လဲ ပေးထားတဲ့ ကတိမှန်သမျှ ကို ချိုးဖောက်ဖို့လည်း ဝန်မလေးပါဘူး။
၂၀၁၀-၂၀၁၅ ခုနစ် ပတ်ခြာလည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အင်အား သေးငယ်သေးတဲ့ ညီနောင် မဟာ မိတ် ၃ ဖွဲ့ကို အထင်အမြင်သေး၊ လူရာသွင်းဆက်ဆံခြင်း မရှိခဲ့တာက အကောင်းဆုံး သက်သေတွေ ဖြစ်ပါတယ်။ ဒီလိုအကြောင်းကို သိတဲ့အတွက်လဲ ရှမ်းမြောက်ဒေသမှာ ညီနောင် မဟာမိတ် အဖွဲ့တွေက သတိနဲ့ စောင့်ကြည့်နေသလို အင်အားထောင်ချီပါတဲ့ ချီတက်လေ့ကျင့်မှု ရုပ်သံကိုလည်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ညီနောင် မဟာမိတ်တွေ လက်ရှိ ရရှိထားတဲ့ စစ်ရေး အောင်ပွဲ၊ နယ်မြေ ထိန်းချုပ်မှုဆိုတာလည်း မြေပြန့်ဒေသမှာ ရှိတဲ့ စစ်အာဏာရှင်တွေ အမြစ်ပျက်မှ အာမခံ ချက် ရရှိနိုင်မှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးအားဖြင့် မြေပြန့် ဒေသ စစ်အာဏာရှင်တွေ ရှိနေသဖြင့် လေကြောင်းကနေ ဗုံးကြဲမှုရန်ကို အမြဲ စိုးရိမ်နေရမှာဖြစ်ပါတယ်။
တကယ်လို့ ဟိုင်ဂင် သဘောတူညီချက် ကျိုးပေါက်ပြီး ရှမ်းမြောက် ဒေသ မှာ တိုက်ပွဲကြီးတွေ ပြန်လည် စတင်လာရင် လက်ရှိ ကချင် ဒေသ၊ ချင်းဒေသ၊ ရခိုင် ဒေသ၊ ကရင် ဒေသ၊ ကရင်နီ ဒေသမှာ စစ်ရေး အရှုံးကြီးတွေ ရင်ဆိုင်နေရတဲ့ စစ်တပ်အနေနဲ့ စစ်ရေးဖိအား ပိုမိုကြီးမားသွားမှာဖြစ်ပါတယ်။ အလယ်ပိုင်း မြေပြန့်ဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြေပြန့်ထိုးစစ် နဲ့ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေ ပူးပေါင်း ပေါ်ထွက်လာရင် စစ်တပ်အနေနဲ့ စစ်ရေးကြီးမားတဲ့ အကျပ်အတည်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။