33 C
Yangon

တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများ၌ တပ်စွဲထားသောကြောင့် ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများ၌ တပ်စွဲထားသောကြောင့် ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများ၌ တပ်စွဲထားသောကြောင့် ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦး အခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလပိုင်းမှ စတင်ပြီး ကန့်ဘလူမြို့နယ်မှ ဝါသဝ ပျူစောထီး စစ်ကြောင်းနှင့် တန့်ဆည်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၊ ပျူစောထီးများဖြင့် ပူးပေါင်း၍ အင်အား ၃၀၀ ကျော်ခန့်ဖြင့် တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ၃၀ ရက်နေ့တွင် တန့်ဆည်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ညောင်လေးပင်ရွာမှ အသက် ၅၀ အရွယ် ကိုမြင့်နိုင် နှင့် အသက်၃၂ နှစ်အရွယ် ကိုအောင်မြင့်ထွန်းတို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ဇွန်လ ၈ ရက်နေ့တွင်လည်း အိုးသယ်ကုန်းရွာမှ အသက် ၃၈ နှစ်အရွယ် ကိုကျော်နိုင်ကိုလည်း ထပ်မံ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ဝါသဝ ပျူတွေနဲ့ စစ်ခွေးတွေက မေလ ၃၀ ရက်နေ့မှာ တန့်ဆည်နယ် အရှေ့မြောက်ခြမ်း ညောင်လေးပင်ရွာက အသက် ၅၀ အရွယ် ကိုမြင့်နိုင်နဲ့ အသက် ၃၂ နှစ်အရွယ် ကိုအောင်မြင့်ထွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။ ဒီလ ၈ ရက်နေ့မှာလည်း အိုးသယ်ကုန်းရွာက အသက် ၃၈ နှစ်အရွယ် ကိုကျော်နိုင်ကိုလည်း ထပ်မံ ဖမ်းဆီး သတ်ဖြတ်သွားတယ်။ အခု အနောက်ဘက်ခြမ်း ဝရငယ် ၊ ရွာသစ် နဲ့ ခနုဆည်ရွာတွေမှာ အထိုင်ချ တပ်စွဲထားတဲ့ ဝါသဝရဲ့ စစ်ခွေးတွေကပဲ သတ်ဖြတ်သွားတယ်လို့ သိရတယ်” ဟု ရေဦး အခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် လက်ရှိချိန်တွင် တန့်ဆည်မြို့နယ် အနောက်ခြမ်းရှိ ခနုဆည်ရွာ၊ ဝရငယ်ရွာ၊ ရွာသစ်ရွာ၊ အင်တခါးရွာ စသည့် ကျေးရွာများတွင် နယ်မြေချဲ့၍ အခိုင်အမာ တပ်စွဲထားသောကြောင့် တန့်ဆည်-ကံထူးမ ကားလမ်းဘေးရှိ ကျေးရွာများမှ ပြည်သူများနှင့် တပ်စွဲထားသော ရွာများအနီးနေထိုင်သော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ကိုထူးခန့်ဇော် (အမေ့သား) က ရှင်းပြသည်။

“လက်ရှိအချိန်ထိတော့ အထိုင်ချ တပ်စွဲထားဆဲပဲ မြို့နဲ့နီးနေတော့ သူတို့ ရိက္ခာအတွက် ဝင်လိုက်ထွက်လိုက်နဲ့ လှုပ်ရှားနေကြဆဲပဲ

အရှေ့ခြမ်းမှာဆိုရင် ဝါသဝရဲ့ နောက်ထပ်စစ်ကြောင်း အင်အား ၈၀ ပါ တစ်ခုက ကန့်ဘလူနယ် ကာဘိုးဘက်ကနေ တန့်ဆည် အရှေ့ခြမ်း သဲကုန်းရွာကို ထပ်မံအထိုင်ချလာပြန်တယ်။ အနောက်ခြမ်းမှာက ခနုဆည်၊ ဝရငယ်၊ ရွာသစ်နဲ့ တောင်ဘက်ခြမ်းဆိုရင် ရွှေကတော်နဲ့ ကျွဲဆွဲ စုစုပေါင်း အင်အား ၃၀၀ ကျော်တယ်။ ကံထူးမရွာကိုလည်း ဝါသဝက အင်အားအလုံးအရင်းနဲ့ ဝင်စီးမယ်ဆိုပြီး သတင်းတွေထွက်နေတယ်။ တန့်ဆည်အနောက်ခြမ်းကရွာတွေကို နယ်ချဲ့အထိုင်ချတပ်စွဲထားတော့ ကံထူးမကိုသွားလာမယ့်ပြည်သူတွေလလည်း ပိုခက်ခဲသွားရုံတင်မက ရွာမှာပါ မနေရဲကြတော့ဘဲ ထွက်ပြေးနေကြရတယ်” ဟု ရေဦး အခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် ပူးပေါင်း စစ်ကြောင်းကြောင့် ရွှေကတော်ရွာ၊ ကျွဲဆွဲရွာ၊ တနယ်ရွာ၊ သရက်ခွရွာ၊ မှန်ကြိုင်ရွာ၊ မှန်ရင်းရွာ၊ ပိန္နဲကုန်းရွာ၊ တောင်စွန်းရွာ၊ ကံပေါက်ရွာ၊ ကိုးတောင်ဘို့ရွာ၊ ရွာသစ်ရွာ၊ ဝရငယ်ရွာ၊ ခနုဆည်ရွာ၊ သာယာကုန်းရွာ၊ အင်တံခါးရွာနှင့် ဝါးရုံကန်ရွာတို့နှင့် အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ၎င်းတို့တပ်စွဲထားရာ အနီးရှိ ကျေးရွာများကိုလည်း နေ့စဉ် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ် ဗုံးကျဲနေခြင်းကြောင့် ကျေးရွာနေပြည်သူများသည် ကျေးရွာအတွင်းကျန်ရှိခဲ့သော ဆေးဝါးနှင့် စားနပ်ရိက္ခာများ ပြန်လည် ဝင်ရောက် ယူဆောင်နိုင်ခြင်းမရှိသောကြောင့် အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article