27 C
Yangon

အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာနေဟု ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

Must read

အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာနေဟု ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ

ရန်ကုန်၊ ဇွန် ၁၅

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

ဇွန်လ ၁၃ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံများ၏ ၁၇ ကြိမ်မြောက် ကွန်းဖရင့် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းထားသည့် စစ်တပ်က နိုင်ငံတစ်ဝန်းရှိ ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူများဦးရေ မြင့်တက်လာခဲ့ကြောင်း၊ ကလေးငယ်များနှင့် လူငယ်လူရွယ်များ၊ အထူးသဖြင့် ပဋိပက္ခအတွင်း ကျရောက်နေသူများအနေဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဆုံးရှုံးကာ မသန်စွမ်းသူများ ဖြစ်လာခဲ့ရကြောင်း၊ ထိုသို့သော ကြေကွဲဖွယ်ရာ အခြေအနေ များမှာ လူကဖန်တီးသော အခြေအနေများဖြစ်ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ် သော စစ်တပ်ကြောင့်ပင်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

သို့သော် ထိရှလွယ်သောအုပ်စုများအတွက် ယနေ့အချိန်အထိ လုံလောက်သော၊ လိုအပ်သော ထောက်ပံ့ကူညီမှုများ မရရှိသေးကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် တရားမဝင် စစ်အာဏာသိမ်းမှု ကြောင့် အဆင့်မြင့် နည်းပညာထောက်ပံ့မှုနှင့် အခြားသော တီထွင်ဖန်တီးမှုများ၊ လူမှုအသိုက်အဝန်းအတွင်း မသန်စွမ်းသူများ ပါဝင်ရေး၊ ပညာရေး၊ အလုပ်အကိုင် ဖန်တီးမှု၊ ရေရှည်တည်တံ့ခိုင်မြဲသော လူနေမှုဘဝအတွက် မူဘောင်များ ချမှတ်ခြင်း စသည်တို့တွင် နောက်ကျကျန်ရစ်လျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက် ပြောဆိုသည်။

အမျိုးသားညီညွတ် ရေး အစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ မကြာသေး မီက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် မသန်စွမ်းသူများ ဖြစ်လာခဲ့ရသူများ အပါအဝင် မသန်စွမ်းသူများကို ထောက် ပံ့ကူညီမှုများ ပေးအပ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြိုးပမ်းဆောင် ရွက်မှုများအနက် မြေမြှုပ်မိုင်း၏ သားကောင်များအတွက် ခြေတုလက်တုများ တပ်ဆင်ပေးခြင်းလည်း ပါဝင်ကြောင်း၊ အဓိကအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများသည် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအား ကာကွယ်နိုင်ရန် စစ်တပ်မှ အသုံးပြုထားသည့် ပေါက်ကွဲမှုပြင်းထန်သော မြေမြှုပ်မိုင်းများအား ဖယ်ရှား နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အပါအဝင် ပြည်သူများအနေဖြင့် ဒုက္ခအခက်အခဲများ ကြုံတွေ့နေရလင့်ကစား စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးအတွက် ပြတ် သားသောစိတ်ဓါတ်ဖြင့် ကြံ့ကြံ့ခံကာ ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၊ ပြည်သူများ၏ အသက် အိုးအိမ်များအား ကာကွယ်ရေးကြိုးပမ်းမှုများ၊ မသန်စွမ်းသူများနှင့်တကွ ပြည်သူတစ်ရပ်လုံး၏ အနာဂတ်အား ပြန်လည်ဆောင်ကြဉ်းပေးနိုင်ရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးကို မြှင့်တင်ကာကွယ်ရေးတို့အတွက် ထိရောက်သော အကူအညီများ ပေးအပ်ရန် သံအမတ်ကြီးက တောင်းဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article