ရန်ကုန်၊ မေ ၁၉
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအုပ်စုရှိ ဘူတာပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်လွင် ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအုပ်စုရှိ ဘူတာပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်လွင်သည် ၎င်း၏ နေအိမ်ဈေးဆိုင်၌ ရှိနေစဉ် အမည်မသိ သေနတ် သမားများကဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုပစ်ခတ်မှု အတွင်း အုပ်ချုပ်ရေးမှူး ဇော်လွင်သည် ဦးခေါင်းကို ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ၎င်း ရုပ်အလောင်းကို နာရေးကားဖြင့် လာရောက်ကောက်ယူသွားပြီး လမိုင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“ဇော်လွင်ဆိုတဲ့ ကောင်က စစ်သားဟောင်း စစ်ခွေးသတင်းပေးလည်း လုပ်တယ်။ ပျူစောထီး သတင်းလည်း တက်ထားတယ်။ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးဘူး။ ခေါင်းကို ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေတယ်။ သူ့အလောင်းကို နာရေးကားနဲ လာသယ်သွားပြီး လမိုင်းတိုက်နယ်ဆေးရုံကို့ ပို့လိုက်တယ်လို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်ကပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ပျက်ကျခဲ့သော ကင်းထောက်ဒရုန်း ၁ စီး သိမ်းဆည်းရမိခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၅ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာအနီးတွင် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာစဉ် ကင်းထောက်ရန် လွှတ်တင်ထားသည့် ဒရုန်း ၁ စီး ပျက်ကျခဲ့ရာ နဂါးနီပြောက်ကျားတပ်ဖွဲ့က သွားရောက်ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ သွားရောက်ကောက်ယူစဉ် စစ်ကောင်စီတပ်ဘက်က လိုက်လံပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းဝင်တဲ့ အခါမှာ ဒရုန်းလွတ်ပြီး ကြည့်တာ အဲ့ဒီတုန်းက ပွဲဖြစ်ပြီး သိမ်းဆည်းရမိတာမျိုးတော့ မဟုတ်ဘူး။ ဒရုန်းပျက်လို့ သွားပြီးတော့ ကောက်ယူသိမ်းဆည်းတာမျိုးပါ။ ကင်းထောက် ဒရုန်းမျိုးပါ။ မြင်းခြံမြို့နယ်ထဲ နဘူးအိုင်ကျေးရွာအနီးပေါ့။ မေလ ၁၅ ရက်နေ့က စစ်ခွေးဒရုန်းပျက်ကျလို့ ကျွန်တော်တို့ ကောက်တယ် စစ်ခွေးတွေဘက်က လိုက်ပစ်တာမျိုးလည်းရှိတယ်။ ဒရုန်းမှာပါတဲ့ အချက်လက်ရ မြင်းခြံမြို့နယ် သီတာယူမွန်စစ်ကြောင်းကပါ” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှတာဝန်ရှိသူ ပြောဆိုသည်။




