27 C
Yangon

စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ပြည်သူ ၂၀၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ပြည်သူ ၂၀၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ ဇွန် ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက်များမှ အရပ်သား ပြည်သူ အမျိုးသားနှင့် အမျိုးသမီး ၂၀၀ ဦးကျော်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀နှင့် အကွက် ၅ တို့မှ နေအိမ်များကို အကြမ်းဖက် စစ်တပ်က တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက် စီးနင်းပြီး ရပ်ကွက်နေ ပြည်သူ အမျိုးသားနှင့် အမျိုးသမီး ၂၀၀ ဦးကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ညီမတို့ အကွက် ၉ က ဆိုရင် အသက်ကြီးပိုင်းနဲ့ ကလေးတွေပဲကျန်တယ်။ အကုန်ဖမ်းဆီးခေါ်သွားပါတယ်။ ညီမ အမျိုးသားနဲ့ ညီမ အစ်ကိုလည်း ဖမ်းဆီးခံရတဲ့ အထဲမှာ ပါသွားတယ်။ ဘေးပတ်ဝန်းကျင်က နေအိမ်က လူတွေ အကုန်ဖမ်းသွားပါတယ်။ ညီမတို့ ရပ်ကွက်က ဆိုရင် အယောက် ၁၀၀ကျော် ပါသွားပါတယ်။ ညီမတို့ ရပ်ကွက်က အမျိုးသမီးတစ်ယောက်လည်း ပါသွားတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က မင်းဂံ ရပ်ကွက်ကို စစ်ကား အစီး ၁၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး အကွက် ၉ နှင့် အကွက် ၁၀ တွင် စစ်ကားများကို ချထားကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသနေများထံမှ သိရသည်။

“အကုန် စစ်ယူနီဖောင်းနဲ့ပါ။ စစ်ကား ၁၀စီး လောက်ရှိမယ်။ ၁၂ နာရီခွဲလောက်မှာ မင်းဂံ ရပ်ကွက်ကို ဝင်တာပါ။ အကွက် ၉ကို ဝင်တယ်။ ပြီးတော့ အကွက် ၁၀ ကို ဝင်စစ်ပါတယ်။ ပြီးတော့ အကွက် ၈ ကို ဝင်စစ်ပြီးတော့ အမျိုးသားတွေကို အကုန် ကားပေါ်တင်ပါတယ်။ ပြီးတော့ ခေါ်သွားတယ် “ဟု ဒေသနေပြည်သူ တစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံရသည် သူများတွင် အသက်မပြည့်သည့် လူငယ်အများအပြား ပါဝင်ကာ အသက် ၁၃ နှစ်မှ စ၍ အသက် ၅၀ ကျော် အမျိုးသား ၂၀၀ ကျော် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖမ်ဆီးသွားသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည့်ကို မသိရှိရကြောင်း ဒေသနေပြည်သူများက ဆက်လက် ပြောဆိုသည်။

“အိမ်ထောင်စု စာရင်းစစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် အစ်မတို့ အိမ်ထောင်စု စာရင်းပြရင်လည်း ဖမ်းတာပါပဲ။ အစ်မ အဖေရော၊ မောင်လေးရော အမျိုးသားပါ အားလုံးဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကို ခေါ်သွားမှန်း လက်ရှိအချိန် အထိ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံရသည့်ထဲတွင် အသက် ၂၁ နှစ်အရွယ် မင်းဂံ အကွက် ၉ မှ အမျိုးသမီး ၁ ဦးသာ ပါဝင်ပြီး ကျန်သူများအားလုံးသည် အမျိုးသားများ ဖြစ်ကြောင်း၊ မင်းဂံရပ်ကွက်တွင် နေထိုင်သူများ၏ ပြောဆိုချက် အရ ယနေ့ ဇွန် ၁၆ ရက်နေ့ ညပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် စစ်ဆေးပြီး ပြည်သူများကို ဖမ်းဆီးနိုင်သေးကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

ဖမ်းဆီးခံရသူများသည် ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ အုန်းရေဖော် စသည့် ကျေးရွာသားများဖြစ်ပြီး မကြာမီက မြို့ပေါ် မင်းဂံရပ်ကွက်ကို ပြောင်းရွေ့နေထိုင်နေသူများ ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာများသည် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ယင်းကျေးရွာများမှ ကျေးရွာသားများကို အခြားနေရာသို့ ပြောင်းရွှေ့ထိုင်ရန် စစ်ကောင်စီက အမိန့်ထုတ် ပြန်ထားကြောင်း သိရှိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article