30.5 C
Yangon

မြန်မာနိုင်ငံက တရုတ်နိုင်ငံအတွက် မြေရှား တူးဖော်ရာ လျှို့ဝှက်သတ္တုသိုက်ကြီးဖြစ်လာ

Must read

By Seng Li နှင့် Johanna Sydow

လျှပ်စစ်ကားများနှင့် လေအားလျှပ်စစ်တာဘိုင်များအတွက် လိုအပ်သော မြေရှားသတ္တုဒြပ်စင်အများအပြားသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခဇုန်များမှ ထွက်ရှိနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် အဆိုပါ သတ္တုတွင်းများကို ဆက်လက်ချုပ်ကိုင်ထားပြီး မြေရှားသတ္တု (Rare Earth) ထုတ်ယူမှုများကြောင့် တောပြုန်းခြင်း၊ ရေအရင်း အမြစ်များ အဆိပ်သင့်ခြင်းများဖြစ်ပေါ်နေသော်လည်း ယင်းလုပ်ငန်းများကြောင့် လက်နက်ကိုင်အဖွဲ့များအတွက် ဝင်ငွေရလမ်းလည်းဖြစ်သည်။

လွန်ခဲ့သည့် လအနည်းငယ်က သမ္မတ ဒေါ်နယ်ထရန့်သည် ဂရင်းလန်းကျွန်း (Greenland) ကို ဝယ်ယူရန် ရည် ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့စဉ်က အမေရိကန်နှင့် ၎င်း၏ ဥရောပ နေတိုး (NATO) မိတ်ဖက်များအကြား ပဋိပက္ခဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ ၎င်း၏ ရည်မှန်းချက်မှာ အဓိကစိုးရိမ်ပူပန်မှုတစ်ခုဖြစ်သည့် ခေတ်မီနည်းပညာနှင့် အစိမ်းရောင်စွမ်းအင်ကူးပြောင်းမှုအတွက် မရှိမဖြစ်လိုအပ်သော မြေရှားသတ္တုဒြပ်စင်များအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန်ဖြစ်သည်။

မြေရှားသတ္တုမှာ ဒြပ်စင် ၁၇ မျိုး ပါဝင်သော အုပ်စုဖြစ်ပြီး လေအားတာဘိုင်၊ လျှပ်စစ်ကား (EVs)၊ အီလက်ထရွန်နစ်နှင့် ကာကွယ်ရေးစနစ်များတွင် အသုံးပြုသည့် အမြဲတမ်းသံလိုက် (Permanent Magnets) များအတွက် မရှိမဖြစ် လိုအပ်သည်။

ယင်းတို့မှာ အရင်းအမြစ်များအတွက် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု၏ ဗဟိုချက်သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါမြေရှားဒြပ်စင်များသည် အခြားတွင်းထွက်များထက် ပိုမိုရှားပါးနေခြင်းမျိုးမဟုတ်သော်လည်း ပါဝင်မှုနှုန်း နည်းပါးပြီး ကမ္ဘာပေါ်တွင် နေရာအနည်းငယ်၌သာ ထုတ်ယူနိုင်သည်။ အထူးသဖြင့် သန့်စင်သည့်လုပ်ငန်း (Refining industry) တွင် ဈေးကွက်ချုပ်ကိုင်မှုမှာ အလွန်ကြီးမားပြီး မြေရှားသတ္တု ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံတွင် လက်ရှိပြုပြင်ထုတ်လုပ်နေကာ ထိုမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် တရုတ်နိုင်ငံက လေအားတာဘိုင်နှင့် လျှပ်စစ်ကားများအတွက် မရှိမဖြစ်လိုအပ်သော တယ်ဘီယမ် (Terbium) နှင့် ဒစ်ပရိုစီယမ် (Dysprosium) အပါအဝင် အရေးပါသော မြေရှားသတ္တုဒြပ်စင် ၇ မျိုးကို တင်ပို့မှုကန့်သတ်လိုက်သောအခါ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် အခြားသော အရင်းအမြစ်များကို ရှာဖွေရန် ချက်ချင်းဆိုသလို ဖိအားပေးခြင်း ခံခဲ့ရသည်။

လူသိနည်းနေသေးသည့်အချက်မှာ တရုတ်နိုင်ငံသည် အဆိုပါဒြပ်စင်များကို မည်သည့်နေရာမှ ရရှိနေသနည်းဟူသည့်အချက် ဖြစ်သည်။ တရုတ်အကောက်ခွန်အချက်အလက်များအရ တရုတ်နိုင်ငံတွင် ပြုပြင်ထုတ်လုပ်နေသော တယ်ဘီယမ်နှင့် ဒစ်ပရိုစီယမ် ရှားပါးဒြပ်စင် သုံးပုံနှစ်ပုံမှာ စစ်မီးတောက်နေသော မြန်မာနိုင်ငံမှ လာခြင်းဖြစ်သည်။

အထူးသဖြင့် တရုတ်နိုင်ငံအတွင်း သတ္တုတူးဖော်ရေးဆိုင်ရာ ပတ်ဝန်းကျင်စံနှုန်းများ တင်းကျပ်လာပြီးနောက် မြန်မာနိုင်ငံသည် တရုတ်စံနှုန်းများ လိုက်နာရန်မလိုဘဲမြေရှားသတ္တုထုတ်ယူနိုင်သည့် အရေးပါသော နယ်မြေဖြစ်လာခဲ့သည်။ ဤအချက်သည် ပတ်ဝန်းကျင်၊ လူထုကျန်းမာရေး၊ လူမှုဖွဲ့စည်းပုံ၊ ရာဇ၀တ်မှုများနှင့် ပဋိပက္ခဖြစ်စဉ်များအပေါ် ပြင်းထန်သော သက်ရောက်မှုများ ရှိနေသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေမှာ တရုတ်နိုင်ငံအတွက်သာမက ကမ္ဘာတစ်ဝန်းရှိ သံလိုက်တင်သွင်းသူများအတွက်ပါ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ဘေးအန္တရာယ်တစ်ခု ဖြစ်နေသည်။ သို့သော်လည်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ ၂၀၂၆ ခုနှစ်မြေရှားသတ္တုဆိုင်ရာ အစီရင်ခံစာတွင်ပင် “ခိုင်လုံသော အချက်အလက်မရှိခြင်း” ကြောင့် မြန်မာနိုင်ငံကို ဗဟိုဇယားများမှ ချန်လှပ်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် မြေရှားသတ္တုတူးဖော်မှုကို ၂၀၁၀ ပြည့်နှစ်များ အစောပိုင်းတွင် ကချင်ပြည်နယ်မြောက်ပိုင်း နယ်စပ်တစ်လျှောက်၌ စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ Global Witness ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် သတ္တုတူးဖော်ရေးလုပ်ကွက်ပေါင်း ၃၀၀ အထိ ရှိလာခဲ့ပြီး ယင်းမှာ ၂၀၂၁ ခုနှစ်ထက် ၄၀ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်။ တူးဖော်ရေးလုပ်ကွက်များကို ထိန်းချုပ်နိုင်ခြင်းမှာ စီးပွားရေးအရ အကျိုးအမြတ်များစွာ ရရှိစေရုံသာမက ပြင်ပနိုင်ငံရေးနှင့် စီးပွားရေးဖိအားများကို ကိုင်တွယ်ရာတွင်လည်း အခွင့်သာစေသည်။ ၂၀၂၁ ခုနှစ်မှစ၍ တရုတ်ကုမ္ပဏီများသည် ဒေသတွင်းရှိ အာဏာလေဟာနယ်ကို အခွင့်ကောင်းယူကာ စည်းမဲ့ကမ်းမဲ့ သတ္တုတူးဖော်မှုများကို ချဲ့ထွင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အဓိကသတ္တုတူးဖော်ရေးနယ်မြေများဖြစ်သော ချီဖွေနှင့် ပန်ဝါမြို့များကို သိမ်းပိုက်လိုက်ပြီးနောက် တရုတ်နိုင်ငံက နယ်စပ်ဂိတ်အားလုံးကို ပိတ်ပြီး ကုန်သွယ်မှု ရပ်ဆိုင်းလိုက်သည်။ သို့သော် တရုတ်နိုင်ငံသည်လည်း အရင်းအမြစ်များကို ဆက်လက်ရယူလိုသဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် KIO/A နှင့် ညှိနှိုင်းမှုများပြုလုပ်ကာ ကုန်သွယ်ရေး ပြန်ဖွင့်ခဲ့သည်။ အလဲအလှယ်အနေဖြင့် KIA က တရုတ်ရင်းနှီးမြှုပ်နှံသူများကို သတ္တုဆက်လက်တူးဖော်ခွင့် ပေးခဲ့ရသည်။

ယင်းနောက်ဆက်တွဲ သစ်တောများ ပြုန်းတီးခြင်း၊ တောင်များမှာ တူးဖော်မှုကြောင့် အမာရွတ်များ ထင်ကျန်ခြင်းနှင့် ကြည်လင်သော စမ်းချောင်းများမှာ ဓာတုပစ္စည်းများကြောင့် အရောင်ပြောင်းသွားခြင်းများ ဖြစ်ပေါ်နေသည်။ အလုပ်အကိုင်ရှာဖွေသူများ များပြားလာသည်နှင့်အမျှ လောင်းကစားခြင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ သိသိသာသာ တိုးလာသဖြင့် ဒေသခံများမှာ မလုံခြုံမှုကို ခံစားနေရသည်။

သတ္တုထုတ်ယူရာတွင် အမိုနီယမ်ကာဗွန်နိတ်နှင့် အောက်ဇဲလစ်အက်ဆစ်ကဲ့သို့ ဓာတုပစ္စည်းများကို အလွန်အကျွံ သုံးစွဲကြသည်။ ၂၀၂၄ ခုနှစ်တွင် ပန်ဝါရှိ သတ္တုတွင်းမြေပြိုမှုကြောင့် လူပေါင်း ၅၀ ခန့် သေဆုံးခဲ့သည်။ ညစ်ညမ်းနေသော ရေကို အသုံးပြုသည့် ဒေသခံများတွင် အရေပြားရောဂါနှင့် မျက်စိရောဂါများ ဖြစ်ပွားနေသည်။

သတ္တုတွင်းများတွင် တရုတ်လုပ်ငန်းရှင်များက စီမံခန့်ခွဲပြီး ဒေသခံများမှာ အန္တရာယ်ရှိသော အလုပ်များကို လုပ်ခလစာနည်းနည်းဖြင့် လုပ်ကိုင်နေရသည်။ အထူးသဖြင့် အမျိုးသမီးများသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများအပြင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရမှုများနှင့်ပါ ရင်ဆိုင်နေရသည်။ အချို့သော ကျေးရွာများတွင် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကြောင့် သတ္တုတူးဖော်မှုကို ဒေသခံများက ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေသည်။

ယခုအခါ မြေရှားသတ္တုတူးဖော်မှုမှာ ရှမ်းပြည်နယ်မြောက်ပိုင်း (နမ်တူ၊ နမ့်ခမ်းနှင့် မူဝီ) အထိပါ ပျံ့နှံ့လာခဲ့ပြီး စိုက်ပျိုးရေး ထုတ်ကုန်များကို ထိခိုက်စေသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်လည်း လွီမြစ်နှင့် ကုဋ်မြစ်ဝှမ်းတစ်လျှောက် တူးဖော်မှုများကြောင့် ညစ်ညမ်းမှုများမှာ မဲခေါင်မြစ်အတွင်းသို့ စီးဝင်ကာ ထိုင်းနိုင်ငံ ချင်းရိုင်ဒေသအထိ သက်ရောက်မှုများ ရှိလာနိုင်သည်။

KIO အာဏာပိုင်များသည် အုပ်ချုပ်ရေးဆိုင်ရာ မြှင့်တင်မှုများ ပြုလုပ်ခြင်းဖြင့် ရာဇဝတ်မှုများကို လျှော့ချရန် ကြိုးပမ်းနေသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် သတ္တုတူးဖော်ရေး စီမံခန့်ခွဲမှု စည်းမျဉ်းသစ်ကို ချမှတ်ခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများသည် မြေယာပြန်လည်ပြုပြင်ရေးအတွက် ယွမ် ၅ သိန်း (ဒေါ်လာ ၇၃,၀၀၀ ခန့်) အာမခံကြေး ပေးဆောင်ရမည်။

သတ္တုတွင်းမြေ တစ်ဧကလျှင် ယွမ် ၁ သိန်းနှင့် ထွက်ရှိသည့် သတ္တု တစ်တန်လျှင် ယွမ် ၄ သောင်း အခွန်ပေးဆောင်ရမည်။ စည်းမျဉ်းဖောက်ဖျက်ပါက လုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းပြီး ဥပဒေအရ အရေးယူမည်ဖြစ်သည်။

သို့သော်လည်း အချို့နေရာများတွင် လစာမရခြင်းနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

မြန်မာနိုင်ငံ၏ မြေရှားသတ္တု အကျပ်အတည်းမှာ ကမ္ဘာ့အစိမ်းရောင်စွမ်းအင် ကူးပြောင်းမှု၏ နောက်ကွယ်မှ ပေးဆပ်နေရသော တန်ဖိုးများကို ထုတ်ဖော်ပြသနေသည်။ ဥရောပကုမ္ပဏီများသည် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များမှာ ပဋိပက္ခတွင်းထွက်များ မဖြစ်စေရန် တာဝန်ယူသင့်သည်။

ဥရောပကုမ္ပဏီများသည် ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အခြေအနေများ တိုးတက်စေရန် ကူညီသင့်သည်။ အခြားသော အရင်းအမြစ်များကို ရှာဖွေခြင်းနှင့် သတ္တုပြန်လည်အသုံးပြုခြင်း (Recycling) ကို မြှင့်တင်သင့်သည်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းဖြင့် “ပဋိပက္ခတွင်းထွက်သတ္တုများ” အပေါ် လိုအပ်ချက်ကို လျှော့ချသင့်သည်ဟု အကြံပြုထားသည်။

(Development and Cooperation တွင်ဖော်ပြထားသော Myanmar: A hidden source of China’s most critical minerals ကို ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article