ရန်ကုန်၊ မေ ၂
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာနှင့် ၆ မိုင်ရွာတို့တွင် ၅ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကာ အထိနာသော စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဗောဓိကမ်းတံတားဘက်မှ ခမရ ၅၆၁ တပ်ရင်းသို့ ဆီပေပါများပို့ဆောင်ရန်လာသည့် ကုန်တင်ကားများကို တော်လှန်ရေးပူးပေါင်းတပ်က ဘန်လောရွာနှင့် ငါးမိုင်ရွာ အကြားတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ခြောက်မိုင်ရွာအနီးတွင် တော်လှန်ရေးတပ်က RPG ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ကားအစိတ်အပိုင်းတချို့ ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး ယာဉ်တန်းသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် မောင်းနှင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း ဘန်လောရွာလမ်းဆုံအနီးရှိ ရာဘာတောအတွင်း တော်လှန်ရေးပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ဧပြီလ ၂၈ ရက်နေ့တွင်လည်း ဘန်လောလမ်းဆုံအနီး၌ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ဧပြီလ ၃၀ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ လယ်တောင်ကျေးရွာမှ တနင်္သာရီမြို့သို့ လမ်းကင်းယူပြီး ပြန်လည်ဆုတ်ခွာလာသော အကြမ်းဖက် စစ်သားများကို မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၂ နှင့် တောင်ပံနီအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
“တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုများပါတယ်။ ကျနော်တို့ အတည်ပြုနိုင်တာတော့ စစ်ခွေး ၁ ကောင်သေဆုံးပြီး ဒဏ်ရာရတာတော်တော်များတယ်” ဟု မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူပြောဆိုသည်။
ထိုတိုက်ပွဲများ အတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က ဧပြီလ ၃၀ ရက်နေ့တွင် ခြောက်မိုင်ရွာမှ အသက် ၄၀ ကျော် အရွယ် အမျိုးသမီး ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။




