30 C
Yangon

စစ်ကောင်စီက ထိုင်းဘဏ်များမှတစ်ဆင့် စစ်လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနေပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၁၃၀ နီးပါး ဝယ်ယူခဲ့ဟု ကုလသမဂ္ဂပြော

Must read

ရန်ကုန်၊ ဇွန် ၂၈

စစ်ကောင်စီက ထိုင်းဘဏ်များမှတစ်ဆင့် စစ်လက်နက်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၂၆ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ပြောဆိုသည်။

အနောက်နိုင်ငံကြီးများနှင့် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများ ခံထားရသော စစ်ကောင် စီက ထိုင်းဘဏ်များမှတစ်ဆင့် နိုင်ငံတကာဘဏ္ဍာရေးဝန်ဆောင်မှုများကို ရယူနေကြောင်း၊ စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် အသုံးပြုရန် လိုအပ်သော စစ်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာ စက်ကိရိယာများကို ထိုင်းဘဏ်များမှတစ်ဆင့် ဝယ်ယူနိုင်ခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ် စားလှယ် Tom Andrews ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စင်ကာပူဘဏ်များက စစ်ကောင်စီနှင့်ပတ်သက်သော လုပ်ငန်းများကို စွန့်ခွာ ရုပ်သိမ်းသွားပြီးနောက် ထိုင်းဘဏ်များက ယင်းနေရာတွင် အစားထိုးဝင်ရောက်လုပ်ကိုင်လာကြောင်း သိရှိရသည်။

စစ်ကောင်စီက ၎င်း၏ လက်နက် ထောက်ပံ့မှုများကို ထိန်းထားနိုင်ရန် ကျယ်ပြန့်သော နိုင်ငံတကာ ဘဏ်လုပ်ငန်း ကွန်ရက်နှင့် ဆက်လက် ချိတ်ဆက် ဆောင်ရွက်နေနိုင်ဆဲဖြစ်ကြောင်း ၊ ယမန်နှစ်တွင် နိုင်ငံပေါင်း ၇ ခုမှ ဘဏ် ၁၆ ခုက စစ်ကောင်စီအတွက် စစ်လက်နက်ဝယ်ယူရေးနှင့်ပတ်သက်သော အရောင်းအဝယ်များကို လုပ်ဆောင်ပေးခဲ့ကြောင်း၊ ဘဏ်ပေါင်း ၂၅ ခုက မြန်မာနိုင်ငံရှိ စစ်ကောင်စီပိုင်ဘဏ်များကို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သတင်းကောင်းအနေဖြင့် စစ်ကောင်စီ အထီးကျန်ဆန်လာကြောင်း၊ တရားဝင် ဘဏ်စနစ်မှတစ်ဆင့် မြန်မာစစ်တပ်က နှစ်စဉ် လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူမှုမှာ ၂၀၂၃ ခုနှစ်၊ မတ်လမှ ယခုအချိန်အထိ ဒေါ်လာ ၃၇၇ သန်းမှ ၂၅၃ သန်းအထိ ကျဆင်းသွားကြောင်း ၊သတင်းဆိုးအနေဖြင့် စစ်ကောင်စီက ပိတ်ဆို့အရေးယူမှုများကို တခြားအစီအမံများဖြင့် ရှောင်တိမ်းနေကြောင်း၊ စစ်ကောင်စီကို အရေးယူရန် ပျက်ကွက်နေသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကွာဟချက်ကို စစ်ကောင်စီအသုံးချ ပြီး ဘဏ္ဍာရေးပိတ်ဆို့မှုများ ရှောင်တိမ်းနေကြောင်း သိရှိရသည်။

ယခင် အစီရင်ခံစာများတွင် စင်ကာပူအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်လွှဲပြောင်းခြင်းကို ဆန့်ကျင်သော် လည်း စင်ကာပူအခြေစိုက် အဖွဲ့အစည်းများက စစ်ကောင်စီအတွက် တတိယအကြီးဆုံး လက်နက်အရင်းအမြစ်ဖြစ်လာကြောင်း ဖော်ပြခဲ့သည်။

ယခင်အစီရင်ခံစာကို ထုတ်ပြန်ပြီးနောက် စင်ကာပူအစိုးရ၏ စုံစမ်းမှုများအရ စင်ကာပူမှတ်ပုံတင်ထားသော ကုမ္ပဏီများမှတစ်ဆင့် မြန်မာနိုင်ငံသို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှု ၉၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားသည်ဟု ယခုအစီရင်ခံစာက ဆိုသည်။

၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တရားဝင် စင်ကာပူဘဏ်စနစ်မှတစ်ဆင့် စစ်ကောင်စီ၏ လက်နက်ဝယ်ယူမှုသည် ၇၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ထိုသို့ ဝယ်ယူမှုရာခိုင်နှုန်းမှာ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရှိရသည်။

သို့ရာတွင် စစ်ကောင်စီအတွက် ထိုင်းအခြေစိုက် ဘဏ်များက ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ ဖိုး စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတင်ပို့မှုများ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၁၃၀ နီးပါးအထိ နှစ်ဆကျော်တိုးလာကြောင်း သိရှိရသည်။

အရပ်ဘက်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် အသုံးပြုသည့် Mi-17 နှင့် Mi-35 ရဟတ်ယာဉ်များအတွက် လိုအပ်သော အစိတ်အပိုင်းများကို ယခင်က စင်ကာပူအခြေစိုက် အဖွဲ့ အစည်းများမှတစ်ဆင့် စစ်ကောင်စီက ဝယ်ယူခဲ့သော်လည်း ယခုအခါ ထိုင်းနိုင်ငံမှ အရင်းအမြစ်များမှတစ်ဆင့် ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

ဥပမာအားဖြင့် Siam Commercial Bank က ၂၀၂၂ ခုနှစ်တွင် မြန်မာစစ်တပ်အတွက် လက်နက်နှင့်စစ်ပစ္စည်းဝယ်ယူမှု ဒေါ်လာ ၅ သန်းသာရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၁၀၀ အထိ တိုးလာကြောင်း သိရှိရသည်။

နိုင်ငံတကာဘဏ်များအနေဖြင့် မြန်မာစစ်တပ်အတွက် စစ်လက်နက်နှင့်စစ်ဘက်ဆိုင်ရာ ပစ္စည်းများတွင် ဘဏ္ဍာရေးဝန်ဆောင်ပေးနေမှုများကို ရပ်တန့်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က တောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article