နောင်ချိုမြို့နယ် ရှုခင်းသာ ခလရ ၁၄၆ စခန်း၊ ခမရ ၁၁၄ စခန်း၊ မိုးကုတ်မြို့နယ် အောင်သာယာတပ်စခန်း နှင့်အာကာမိုးတပ်စခန်းတို့ကို သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းအများအပြား ရရှိ
ရန်ကုန်၊ ဇွန် ၂၉
တအာင်း TNLA တပ်က နောင်ချိုမြို့နယ် ရှုခင်းသာ ခလရ ၁၄၆ စခန်း၊ ခမရ ၁၁၄ စခန်း၊ မိုးကုတ်မြို့နယ် အောင်သာယာတပ်စခန်း နှင့်အာကာမိုးတပ်စခန်းတို့ကို သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းအများအပြား ရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ယနေ့ ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ် အချိန် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်၏ ခမရ ၆၀၆ စခန်းကုန်းကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နံနက် ၇ နာရီအချိန်တွင် နောင်ချိုမြိုနယ် ရှုခင်းသာရှိ ခလရ ၁၄၆ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
မိုးကုတ်မြိုနှင့် နောင်ချိုမြို့ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်များဖြစ်သည့် ပစ္စတို ၈ လက်၊ MA-1 ၈ လက်၊ MA-2 ၃ လက် ၊ MA-3 ၃ လက် ၊ G3 ၂ လက်၊ ရိုက် ဖယ်သေနတ် ၁၅ လက်၊ ကာဘိုင်သေနတ် ၁၀ လက်၊ MA-15 ငါးကြင်းမြီး ၃ လက်၊ M79 ၁ ၊ RPG
၁ လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၄ လက်၊ 12MM ၁ လက်၊ 81MM ၂ လက်၊ 81MM နောက်ပွင့် ၁ လက်၊ 60MM ၂ လက်၊ ဂျမ်ဘာ ၂ ခု၊ ဗုံးများ၊ မိုင်းများနှင့် စကားပြောစက်များ သိမ်းဆည်းရမိထားကြောင်း သိရှိရသည်။
မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကောင်စီ၏ အောင်သာယာနှင့် အာကာမိုး တပ်စခန်းကို ယနေ့ ညနေ ၃ နာရီ ၅၅ မိနစ်အချိန်တွင် တအာင်းတပ်မတော်TNLA က တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီအလောင်း ၁၀ လောင်း နှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန် မိုးမိတ်မြို့ ရွှေဆာလီရွာ၌လည်း ကောင်း၊ ယနေ့ နံနက် ၅ နာရီမှ မွန်းလွဲ ၂ နာရီ ၂၅ မိနစ် အချိန် လွယ်ဝိန်းရွာရှိ စစ်ကောင်စီတပ် စကခ ၂၁၊ ခလရ ၂၂၃ တပ်စခန်းနေရာ၌လည်းကောင်း၊ ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်အချိန် လယ်ကြီးရှိ စစ်ကောင်စီ၏ စကာ ၂၁ တပ်စခန်း၊ ခမရ ၃၄၈ တပ်စခန်း၌လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


