ရန်ကုန်၊ မေ ၁၆
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က တနင်္သာရီမြို့နယ်၊ ခြောက်အိမ်စုရွာနှင့် ကျောက်တောင်ရွာကို စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် တချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိသော အမျိုးသမီးသည် ခြောက်အိမ်စုရွာမှ ဖြစ်ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း၊ လက်ရှိချိန်တွင် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ဗုံးကျဲသွားတာ ခြောက်အိမ်စုရွာက အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တချို့ ထိခိုက် ပျက်စီးတာလည်းရှိတယ်။ စစ်ခွေးတွေက စက်တပ်လေထီးနဲ့ ဗုံးကျဲ သွားတာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဆက်တိုက်မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၂ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးပြီး ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းပိုင်းရှိ ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းက မေလ ၁၄ ရက်နေ့အထိ ပခုက္ကူမြို့နယ် အတွင်းရှိ နံဂါတ်ရွာ၊ ကူကျွန်းရွာ၊ လက်ပံကျွန်းရွာ၊ ညောင်ပင်ရွာ နှင့် မိုးနတ်ကုန်းရွာတို့ကို ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပခုက္ကူမြို့နယ်၊ ထန်းတောချောက်ရွာကို ရောက်ရှိလာပြီး နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် ပြည်သူများကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးထားပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းက ဒီနေ့လည်း ထန်းတောချောက်ရွာကို ထပ်ပြီးမီးရှို့နေတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ နေအိမ်ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး။ အဲ့ခွေးစစ်ကြောင်းက ပြည်သူတွေကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားတာတွေလည်းရှိသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – မေလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့သော တနင်္သာရီမြို့နယ်၊ တကူရွာစာသင်ကျောင်း။




