29 C
Yangon

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် တပ်စွဲနေသော စစ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် တပ်စွဲနေသော စစ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ အတွင်း ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအတွင်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် ယာယီစခန်းချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်လှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မောင်မယ်ရှောင်ကျေးရွာအတွင်း ယာယီ စခန်းချ နေထိုင်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ၍ အနီးကပ်သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မောင်မယ်ရှောင်ရွာထဲမှာ စခတွေမရှိတော့ပါဘူး၊ ၂၈ ရက်နေ့ ညနေမှာပဲ ပြန်ထွက်သွားကြပါတယ်။ စကစတွေက တနေရာတည်းက လာတာမဟုတ်တော့ အနီးအနားတပ်ရင်းတွေကို ပြန်ဆုတ်သွား တယ်လို့ သတင်းကြားမိပါတယ်။ စခသေ ထိခိုက်နောက်ဆက်တွဲ ထပ်တိုးသေတာမျိုး တော့ မကြားမိပါဘူး၊ ကျနော်တို့ ရဲဘော်တွေ အားလုံးဘေးကင်းကြပါတယ်” ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-YPPDFနှင့် ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်တော် – DNLA တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေး အထူး အသိ၊ သတိပြု သွားလာနေထိုင် ပေးကြပါရန် တိုက်တွန်းလိုကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article