ရန်ကုန်၊ မေ ၇
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အောက်မင်းလှမြို့နယ်တွင် ပေါ်တာဆွဲရန် ကြိုးပမ်းသည့် ပျူစောထီးအဖွဲ့က လူငယ်တစ်ဦးကို ပစ်သတ်သွားကြောင်း ပစ်သတ်ခံရသည့် လူငယ်၏ ဆွေမျိုးများ ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၆ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် အောက်မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးကျေးရွာအတွင်းသို့ ပျူစောထီးခေါင်းဆောင် နေလင်းနှင့် အဖွဲ့ဝင်များ ဝင်ရောက်လာပြီးနောက် ကျေးရွာနေလူငယ် မောင်အောင်ဇေယျာဖြိုးကို သေဆုံးသည်အထိ ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။
“ပျူခေါင်းဆောင်ကလည်း ကိုင်ပြင်းကြီးကျေးရွာသားပါပဲ၊ တစ်ရွာတည်းနေတာ။ အကြောင်းပြချက်က မခိုင်လုံပါဘူး၊ သက်သက်မဲ့ ဝင်ပစ်သွားတာပါ” ဟု ဆိုသည်။
စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေစဉ်အတွင်း ယခုကဲ့သို့ ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်နှင့် လမ်းဆုံလမ်းခွများတွင် ဧပြီလတစ်လအတွင်း အလုပ်သွားအလုပ်ပြန် လူငယ် ၄၀၀ ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများနှင့် စစ်ကိုင်းမြို့အခြေစိုက် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ ၃၅ နှစ်ဝန်းကျင် လူငယ်အမျိုးသားများဖြစ်ကြပြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်အတွင်းသို့ ပို့ဆောင်ခံလိုက်ရကြောင်း၊ မိဘဆွေမျိုးများနှင့် တွေ့ဆုံခွင့်မပေးကြောင်း သိရှိရသည်။
“စစ်ခွေးတွေက နေ့တိုင်းလိုလို ပေါ်တာဆွဲဖမ်းဆီးတာပါ။ ၁ ရက်ကို အယောက် ၈၀ ကျော် နေ့တိုင်းလိုလို ဆွဲကြမ်းနေတာ။ ဧပြီလနဲ့ မေလမှာ လူငယ် ၇၀၀ ဦးကို စီမံချက်နဲ့ ဆွဲမယ်လို့ ပြောတယ်။ ၅ လပိုင်းအထိကို စစ်ကိုင်းမြို့ပေါ်နဲ့ နေရာစုံကို ပေါ်တာ ပတ်ဆွဲနေတာပါ။ လမ်းတွေပိတ်ဆို့ပြီး ကားပေါ်ပါတဲ့သူတွေ၊ အလုပ်သွားပြန် လူငယ်တွေကိုပဲ ရွေးဆွဲတာ။”ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
ဖမ်းဆီးခံလိုက်ရသော လူငယ်များကို မိသားစုများက ငွေဖြင့် ပြန်လည် ရွေးယူရန် ကြိုးပမ်းသော်လည်း စစ်တပ်က အရွေးမခံဘဲ မိသားစုများနှင့်ပါ အဆက်အသွယ် ဖြတ်တောက်ထားကြောင်း သိရှိရသည်။
“ပေါ်တာဆွဲဖမ်းဆီးထားသူတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးဘူး။ မိသားစုတွေက ပိုက်ဆံနဲ့ ပြန်ရွေးမယ်ဆိုရင်တောင် အရွေးမခံဘူး။ လက်ရှိမှာ သူတို့ကို တပ်မ ၃၃ ထဲမှာ ပို့ထားတယ်လို့ သိရတယ်။” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ရှင်းပြသည်။
စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က လမ်းဆုံများ၊ ရထားဘူတာ၊ ကားဂိတ်နှင့် စစ်ကိုင်းတံတားဂိတ်များတွင် ပိတ်ဆို့ရှာဖွေခြင်း၊ ဧည့်စ ာရင်းစစ်ဆေးခြင်းများ ပြုလုပ်ကာ လူငယ်များကို အဆက်မပြတ် ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု သိရှိရသည်။
ဓာတ်ပုံ- ညပိုင်း မြို့ပြဒေသများတွင် စစ်တပ်၊ရဲ၊ ထွေ/အုပ်နှင့်ပျူစောထီးများက ဝင်ရောက်စစ်ဆေးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




