ရန်ကုန်၊ မေ ၇
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခါးရိုးဆစ်ပေါင်းရောဂါအား အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့သည့် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၊ Apollo ဆေးရုံမှ အာရုံကြောခွဲစိတ်ဆရာဝန်ကြီး Dr. M. Balamurugan ကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့နှင်းအပ်သည့်အပြင် စစ်ဆေးတက္ကသိုလ်တွင် ဂုဏ်ထူးဆောင်အချိန်ပိုင်းပါမောက္ခရာထူးကိုပါ ခန့်အပ်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်သည့်ဝေဒနာခံစားရသဖြင့် အိန္ဒိယဆရာဝန်ကြီးများဖြင့် ၂ နာရီကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ အဆိုပါခွဲစိတ်မှု အောင်မြင်ကြောင်းကို စစ်ကောင်စီဘက်က မတ်လ ၂၃ ရက်နေ့တွင်မှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မင်းအောင်လှိုင်ကို ခွဲစိတ်မှုတွင် ဦးဆောင် ပါဝင်သူမှာ အိန္ဒိယနိုင်ငံမှ အာရုံကြောခွဲစိတ်ဆရာဝန်ကြီး Dr. M. Balamurugan ဖြစ်သည်ဟု သိရှိရသည်။
ထို့ကြောင့် မင်းအောင်လှိုင်ကို ခွဲစိတ်ပေးခဲ့သော အိန္ဒိယဆရာဝန်ကို Dr. M. Balamurugan ကို မေလ ၂ ရက်နေ့တွင် စစ်ဆေးတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို ပေးအပ်ခဲ့သည့်အပြင် စစ်ဆေးတက္ကသိုလ်တွင်ပါ ဂုဏ်ထူးဆောင်အချိန်ပိုင်း ပါမော က္ခရာထူးကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
“တပ်မတော်ဆေးတက္ကသိုလ်မှာ ဟောပြောပွဲတွေ၊ အချိန်ပိုင်း ပညာပေး ဟောပြောပွဲတွေမှာ ဆရာဝန်ကြီး Dr. M. Balamurugan က ဂုဏ်ထူးဆောင်ပါမောက္ခအနေနဲ့ ဟောပြောတာမျိုးတွေ တာဝန်ထမ်းဆောင်တယ်။ အခုထက်ထိလည်း တပ်ချုပ်(မင်းအောင်လှိုင်) ကို သူပဲ နောက်ဆက်တွဲကုသမှုတွေအတွက် နေပြည်တော်မှာ သွားကြည့်ပေးနေတုန်းပဲ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
Dr. M. Balamurugan သည် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရှိ Brain and Spine Hospital ၏ ဒါရိုက်တာဖြစ်ပြီး Apollo ဆေးရုံကြီး၏ Senior Consultant Neurosurgery တစ်ဦးလည်း ဖြစ်ကာ ဦးနှောက်၊ အာရုံကြောနှင့် ကျောရိုးမကြီးဆိုင်ရာ ခွဲစိတ်မှုလောကတွင် ဝါရင့်ဆရာဝန်တစ်ဦးဖြစ်သည်






