27 C
Yangon

မြစ်ကြီးနားတွင် စိုးရိမ်ရေမှတ်အထက် ၄ ပေ နီးပါး ရေတက်နေပြီး ၀ိုင်းမော်တွင်လည်း ရေကြီးနေ၊ ပြည်သူများစွာ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးလိုအပ်နေ

Must read

မြစ်ကြီးနားတွင် စိုးရိမ်ရေမှတ်အထက် ၄ ပေ နီးပါး ရေတက်နေပြီး ၀ိုင်းမော်တွင်လည်း ရေကြီးနေ၊ ပြည်သူများစွာ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးလိုအပ်နေ

ရန်ကုန်၊ ဇူလိုင် ၁

ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၄ ပေနီးပါး မြင့်တက်ရေကြီးနေပြီး ပြည်သူများစွာ ပိတ်မိနေကာ ကူညီကယ်ဆယ်ရေး လိုအပ်နေကြောင်း သိရှိရသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့၏ အခြေအနေမှာ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၁၇ စင်တီမီတာ၊ ၄ ပေနီးပါး မြင့်တက်နေကြောင်း ၊ မြစ်ကြီးနားမြို့နယ်၊ မြင့်ငြိမ်းအေးဓမ္မရိပ်သာကျောင်း၊ နယ်မြေ ၁၄ ၊ အနောက်လယ်ကုန်း ၊ ပေါ်ဦးဘုရား နယ်မြေ အပါအဝင် မြစ်ကြီးနားမြို့ပေါ် နေရာအများအပြားတွင် ပြည်သူများ ပိတ်မိနေကြောင်း၊ ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရှိရသည်။

“ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ လူအင်အားနဲ့ ဒုက္ခရောက်နေတဲ့ လူ အင် အား မမျှဘူးဖြစ်နေတယ်။ကယ်ဆယ်ရေးလုပ်သူတွေ ရောက်မလာဘူး။ လှေတွေလည်း လုံလောက်မှု မရှိဘူးဖြစ်နေတယ်” ဟု မြစ်ကြီးနားမြို့မှ ရေဘေး ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ယမန်နေ့ညပိုင်းမှစတင်၍ ရေကြီးမှုများ ဖြစ်ပေါ်နေပြီး ညတွင်းချင်း ပြည်သူများ ပြောင်းရွှေ့နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရေတက်တာ အရမ်းမြန်တယ်။ လယ်ကုန်း၊ စီတာပူ၊ မြို့သစ်ကြီး၊ ရမ်ပူ၊ ကြက် ပေါင်ခြံ အပါအဝင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တော်တော်များမှာ ရေတွေ တက် လာတယ်။ ရေ တစ်ည လုံးဆက်တက်မယ်ထင်တယ်။ အထက်ပိုင်းလည်း မိုးတောက်လျောက်ရွာနေတော့။ အခုတော့ အကုန် ညဘက်ကြီး ပြေးနေရပြီ။ တချို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေ မြုပ်သွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် ယမန်နေ့ ညပိုင်း စိုးရိမ်ရေမှတ်ကျော်လွန်ကာ ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိခဲ့ကြောင်း၊ မြစ်ကြီးနားကမ်းနားလမ်း တစ်လျှောက် ရေများဝင်လာနေကြောင်း မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းနားရှိ ရပ်ကွက်များဖြစ်သော စီတာပူရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ဇီးလွန်ရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ မနောဦးပိန်တံတားနှင့် ကြက်ပေါင်ခြံရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်တို့တွင် မြစ်ရေဝင်ရောက်နေခြင်းဖြစ်သည်။

အလားတူ ၀ိုင်းမော်မြို့နယ်တွင်လည်း ရေကြီးနေပြီး ယနေ့ နံနက်ပိုင်း ၀ိုင်းမော်မြို့မစျေးတွင် ရေဝင်နေကြောင်း၊ ၀ိုင်းမော်မြို့မရပ်ကွက်ထဲတွင် လှေဖြင့်သွားလာနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၀ိုင်းမော်တွင် ယနေ့နံနက်ပိုင်း ရေကြီးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article