27 C
Yangon

ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များကို စစ်ကောင်စီက ခွင့်လုံး၀ မပေး

Must read

ရန်ကုန်၊ ဇူလိုင် ၂

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် ခေါ်ယူထားသော စစ်သင်တန်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များကို လုံး၀ ခွင့်မပေးကြောင်း တပ်သားသစ်တချို့၏ မိဘ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေးတိုင်း၊ အမရပူရမြို့ပေါ်မှ စစ်မှုထမ်းခေါ်ဆောင်ခံရသော လူငယ်တစ်ဦးသည် ဇွန်လ ၂၈ ရက်နေ့တွင် စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းသွားပြီး ပြင်ဦးလွင်မြို့ တွင်ဝန်ချထားခံရကြောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် အဘိုးဖြစ်သူ သေဆုံး၍ နာရေးအတွက် မြေးဖြစ်သော စစ်သင်တန်းခေါ်ဆောင်ခံရသည့် တပ်သားသစ် လူငယ် ပြန်လာရန် မိဘဆွေမျိုးများက အကြောင်းကြားကြောင်း၊ တပ်သားသစ် လူငယ်များကလည်း အဘိုးဖြစ်သူ နာရေးဖြစ်၍ ခွင့်ပေးရန် တင်ပြသောအခါ မည်သည့်အကြောင်းနှင့်မျှ ခွင့်မပေးနိုင်ဟု စစ်တပ်ဘက်က အကြောင်းပြန်လာကြောင်း သိရှိရသည်။

“သေတဲ့သူကလည်း သေနေပြီ။ သွားလို့လည်း ပြန်ရှင်မှာမဟုတ်ဘူး။ ခွင့်က ပေးလို့မရဘူးဆိုပြီး ခွင့်မရဘူး။ နာရေးကိုတောင် ခွင့်မပေးတာ။ ပြင်ဦးလွင်ကို အပို့ခံရတာကလည်း တပ်က အသိပေးတာမဟုတ်ဘူး။ ကလေးက မရ ရတဲ့နေရာကနေ အိမ်ကို ပြန်အသိပေးလို့ သိရတာ။ အခုတော့ ပြင်ဦးလွင်မြို့ပေါ်မယ် လုံခြုံရေး စစ်ကားနဲ့ ညတိုင်းပတ်ခိုင်းတယ်လို့ ပြောတယ်” ဟု တပ် သားသစ်လူငယ်၏ မိဘဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်များ ခေါ်ယူခဲ့စဉ်က သင်တန်းဆင်းပါက မိမိတို့၏ ရပ်ရွာများတွင်သာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ဟု ပြောဆိုခဲ့သော်လည်း ပြည်သူ့ စစ်မှုထမ်း သင်တန်းအပတ်စဉ် ၁ ဆင်း တပ်သားသစ်များအားလုံးကို ဇွန်လ ၂၉ ရက်နေ့မှစတင်ပြီး နိုင်ငံတစ်ဝန်းရှိ ရှေ့တန်းစစ်မျက်နှာ ပြင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article