27 C
Yangon

သံတွဲမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံး၊ ဆီဆိုင်တွင် PNO အဖွဲ့က ထမ်းယံတိုင်ကျေးရွာသား ၁ ဦးကို ရွာလယ်ခေါင်တွင် ပစ်သတ်

Must read

သံတွဲမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံး၊ ဆီဆိုင်တွင် PNO အဖွဲ့က ထမ်းယံတိုင်ကျေးရွာသား ၁ ဦးကို ရွာလယ်ခေါင်တွင် ပစ်သတ်

ရန်ကုန်၊ ဇူလိုင် ၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အမျိုးသမီး ၅ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သံတွဲမြို့နယ်၊ မြုံပြင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၄ နှစ်အရွယ် မယုယမြင့်မွန်၊ အသက် ၁၈ နှစ်အရွယ် မကြည်ဖြူခင်၊ အသက် ၂၁ နှစ်အရွယ် မဝေဝေထွေး၊ အသက် ၄၅ နှစ်အရွယ် ဒေါ်မြလေးစိန်၊ အသက် ၇၆ နှစ်အရွယ် ဒေါ်သိန်းဟန်တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျေးရွာအနီးမှာ ဘာတိုက်ပွဲမှ မရှိဘဲ လေကြောင်းက ဗုံးလာကျဲတာ။ စစ်ကောင်စီက သံတွဲမြို့နယ်တစ်လျှောက် အရပ်သားတွေနေတဲ့ ကျေးရွာတွေကို တောက်လျှောက် နေ့တိုင်း ဗုံးလာကျဲတယ်။ ပြည်သူတွေကို ဦးတည် တိုက်ခိုက်တာက စစ်တိုက်တာ မဟုတ်တော့ဘူး။ စစ်တိုက်ချင်ရင် လက်နက်ရှိတဲ့သူတွေကို သွားတိုက်ပါလား။ အခုက ပြည်သူတွေ သေအောင် တမင်သက်သက် သတ်နေတာဖြစ်တယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ တော်တော်လေးကို ငိုကြွေးနေရတယ်။ ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

သံတွဲမြို့၊ ငပလီမြို့နှင့် တောင်ကုတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် အာရက္ခတပ်တော် AA တို့ စစ်ရေး ပြင်းထန်လျှက်ရှိနေပြီး ဇွန်လကုန်ပိုင်းက သံတွဲမြို့နှင့် ငပလီမြို့အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ အာရက္ခတပ်တော် AA သည် ရခိုင်ပြည် စစ်ကောင်စီ လက်အောက်က လွတ်မြောက်ရေးနှင့် ကွန်ဖန်ဒရိတ်ထက် မနိမ့်သော အဆင့်ဖြင့် အုပ်ချုပ်ခွင့်ရရှိရေး မြန်မာစစ်တပ်ကို တိုက်ခိုက်နေပြီး လက်ရှိတွင် မြို့ ၁၀ မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီ ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်က ထမ်းယံတိုင်ကျေးရွာသား ၁ ဦးကို ရွာလယ်ခေါင်တွင် ပစ်သတ်ခဲ့ကြောင်း PNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီတွင် ထမ်းယံတိုင်ကျေးရွာမှ ဒေသပြည်သူ ခွန်တငွေသည် ရပ်ရွာထဲရှိ အသုဘအိမ်တွင် အသုဘစောင့် အိပ်ပေးရာမှ နေအိမ်ကို ပြန်လာစဉ် ကျေးရွာအတွင်း တပ်စွဲ ထားသည့် PNO အဖွဲ့က ဖမ်းဆီးခဲ့ပြီး ရွာလယ်ခေါင်တွင် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ခွန်တငွေ၏ ရုပ်အလောင်းကို လက်ရှိအချိန်ထိ PNO အဖွဲ့က မိသားစုဝင်များကို သယ်ယူခွင့် မပေးဘဲ ရွာလယ်ခေါင်တွင် ထားရှိထားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်ပါးစေ ပြည်သူ့စစ်များသည် လက်ရှိချိန်ထိ ထမ်းယံတိုင်ကျေးရွာအတွင်း တပ်စွဲထားလျက်ရှိပြီး ဒေသပြည်သူများကိုလည်း ရွာပြင် ထွက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ကြောင်း PNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article