26 C
Yangon

ရှမ်းမြောက်ဒေသနှင့် မိုးကုတ်မြို့နယ်တွင် ၁၂ ရက်တာအတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄၄ ဦးသေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရှမ်းမြောက်ဒေသနှင့် မိုးကုတ်မြို့နယ်တွင် ၁၂ ရက်တာအတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄၄ ဦးသေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၆

ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသနှင့် မိုးကုတ်မြို့နယ်တို့တွင် ၁၂ ရက်တာ အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄၄ ဦးသေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကပြောဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကျောက်မဲ ၊ နောင်ချို ၊ သီပေါ ၊ မိုးမိတ် ၊ လားရှိုး မြို့နယ်များနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲ ကာလ ၁၂ ရက်အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၄၄ ဦးသေဆုံးကာ ၅၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ တအာင်းတပ်မတော်(TNLA) နှင့် အကြမ်းဖက် စစ်ကောင်စီတို့ တိုက်ပွဲစတင်ဖြစ်ပွားပြီး အကြမ်းဖက် က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ကျောက်မဲမြို့နယ်တွင် အရပ်သား ပြည်သူ ၁၇ ဦး၊ နောင်ချိုမြို့တွင် ၂ ဦး၊ မိုးကုတ်မြို့တွင် အရပ်သား ပြည်သူ ၅ ဦး၊ မိုးမိတ်မြို့နယ်တွင် အရပ်သားပြည်သူ ၁ ဦးနှင့် လားရှိုးမြို့တွင် အရပ်သား ပြည်သူ ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လေကြောင်းနှင့် လက်နက်ကြီး ကျည်စများ ထိမှန်ပြီး ကျောက်မဲမြို့နယ်တွင် အရပ်သား ပြည်သူ ၂၇ ဦး၊ နောင်ချိုမြို့နယ်တွင် အရပ်သားပြည်သူ ၁ ဦး၊ မိုးကုတ်မြို့နယ်တွင် အရပ်သား ပြည်သူ ၄ ဦး၊ သီပေါမြို့နယ်တွင် အရပ်သား ပြည်သူ ၆ ဦးနှင့် လားရှိုးမြို့နယ်တွင် အရပ်သား ပြည်သူ ၁၃ ဉီး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နောင်ချိုမြို့တွင် စားဝတ်နေရေးအတွက် နေ့စဥ် သွားလာ ရုန်းကန်နေရသည့် ဒေသနေပြည်သူ အမျိုးသမီး ၂ ဦးကိုလည်း စစ်တပ်က ပစ်သတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း အပါအဝင် နေအိမ် ၇၀ ကျော် ထိခိုက် ပျက်စီးခဲ့ပြီး ဒေသပြည်သူ ၃ သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ယနေ့ ဇူလိုင် ၆ ရက်နေ့တွင် လားရှိုးမြို့ ရပ်ကွက် ၇ ရှိ စိတ္တသုခ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင် ၃ ပါး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၅ ရက်နေ့ကလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောက်မဲရပ်ကွက် ၁ တွင် အရပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုးမိတ်မြို့နယ် အုန်းကျော်ရွာဟောင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အဘွားအို ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင် နောင်ချိုမြို့နယ် နမ့်မော်ကျေးရွာတွင် အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် လာရောက် ဗုံးကျဲချခြင်းကြောင့် အမျိုးသား ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ပြည်သူများကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းသုံး၍ ဗုံးကျဲခြင်းများ ပြုလုပ်လျှက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article