ပုဂ္ဂလိကဘဏ်တချို့က Special Account ဘဏ်စာရင်းကိုပင် တစ်ရက် ငွေကျပ် ၁၀ သိန်းသာ ထုတ်ပေးတော့
ရန်ကုန်၊ ဇူလိုင် ၈
ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် ငွေသွင်းထုတ်ရလွယ်ကူစေရန် ရည်ရွယ်ဖွင့်လှစ်စေခဲ့သော Special Account ဘဏ်စာရင်းများကိုပင် တစ်ရက် ၁၀ သိန်းသာ ထုတ်ပေးတော့ကြောင်း ယနေ့ ငွေသွားရောက် ထုတ်ယူခဲ့သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မြန်မာပြည်သူများအကြား ရေပန်းစား အသုံးများသော ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနှင့် တာဝန်ရှိသူများကို ဗဟိုဘဏ်က သတ်မှတ်ထားသော ရာခိုင်နှုန်းထက် အိမ်ရာချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း၊ ထိုသို့ ကြေညာပြီး ဇူလိုင်လ ၂ ရက်နေ့မှစတင်ပြီး ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူသူများ အလွန်များပြားလာခဲ့ကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကဘဏ်များကငွေထုတ်ယူမှုများကို ကန့်သတ်လာရာမှ ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ငွေကန့်သတ်မှု အခြေအနေ ဆိုးလာကြောင်း သိရှိရသည်။
“အရင်အပတ်က သိန်း ၂၀ နဲ့ သိန်း ၅၀ လောက် ထုတ်ပေးသေးတယ်။ ဒီနေ့ KBZ နဲ့ AYA မှာ ၁၀ သိန်း နဲ့ သိန်း ၂၀ ပဲ ထုတ်ပေးတော့မယ်တဲ့။ အများဆုံး သိန်း ၂၀ ပဲ။ AYA ကလည်း မူရင်းဘဏ်မဟုတ်ရင် Special Account ကိုတောင် ၁၀ သိန်းပဲ ပေးမယ်တဲ့။ အတော်ကို အခြေအနေဆိုးနေတာ။ ငွေထုတ်တဲ့သူတွေလည်း ကြိတ်ကြိတ်တိုးနေတယ်” ဟု ယနေ့ ငွေသွားရောက် ထုတ်ယူသူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသော အခြေအနေများအရ ဘဏ်များအပေါ် လိုက်၍ AYA ဘဏ်က Special Account ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ အကြား ၊ KBZ က ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ အကြား၊ CB ဘဏ်က ငွေကျပ် သိန်း ၂၀ မှ သိန်း ၅၀ အကြား စသည်ဖြင့် ဘဏ်များပေါ် လိုက်၍ အမျိုးမျိုးပြောင်းလဲ သတ်မှတ်နေကြောင်း သိရှိရသည်။
ပုဂ္ဂလိက ဘဏ်တစ်ခုမှ ဝန်ထမ်းတစ်ဦးကမူ ငွေသားလက်ကျန်ရှိမှုအပေါ် မူတည်၍ ငွေထုတ်သူများကို ငွေသားများ ကန့်သတ်ထုတ်ပေးနေခြင်းဖြစ်ပြီး ငွေထုတ်သူများပြားလျှင် ရရှိသည့်ငွေပမာဏနည်းပါးမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေများမှာ ပြည်သူများ ငွေစုပြုံတိုးထုတ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ ပုံမှန်အတိုင်း အသွင်းအထုတ်လုပ်လျှင် ငွေပမာဏ ကန့်သတ်စရာမရှိကြောင်း ပြောဆိုသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်ကမူ ဘဏ်စနစ်ပြိုလဲစေရန်နှင့် ငွေကြေးစျေးကွက်ပျက်စီးစေရန် လူမှုကွန်ရက်များမှတစ်ဆင့် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေသည်ဟု သတင်းထုတ်ပြန်သော်လည်း ပုဂ္ဂလိကဘဏ်များက ငွေသားများ ကန့်သတ်ထုတ်ပေးနေမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိပေ။
ဓာတ်ပုံ- ယမန်နှစ် နှစ်ကုန်ပိုင်း မြန်မာ့ရှေ့ဆောင်ဘဏ်အတွင်း ငွေသွင်း ငွေထုတ်ကြသူများ။ (ပုံအဟောင်းဖြစ်ပါသည်။)
