24 C
Yangon

စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား လက်တွေ့အရေးယူရန် အမေရိကန်ပြည်ထောင်စုအား တောင်းဆို

Must read

စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား လက်တွေ့အရေးယူရန် အမေရိကန်ပြည်ထောင်စုအား တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁၀

မြန်မာအကြမ်းဖက်စစ်ကောင်စီထံ လေယာဉ်ဆီ ရောင်းချနေမှုများတွင် ပါဝင်ပတ်သက်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရန် Justice For Myanmar နဲ့ The Sentry အဖွဲ့တို့က တိုက်တွန်း တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီ ရောင်းချနေမှုများတွင် အဓိက ပါဝင်နေသည့် တရုတ်အလံတင်သင်္ဘော HUITONG78၊ ၊ ဗီယက်နမ် သိုလှောင်ဆိပ်ကမ်း Hai Linh Co. Ltd. အပါအဝင် အခြားလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဒဏ်ခတ်ပိတ်ဆို့ရန် အမေရိကန်ပြည်ထောင်စုအား ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေနှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ ရရှိသည့် ယုံကြည်ထိုက်သော ထောက်လှမ်းရေးသတင်း အချက်အလက်များကို အခြေပြုအသုံးချရန် လိုအပ်ကြောင်းနှင့် ၄င်း၏ ပြဌာန်းထားပြီးဖြစ်သည့် ခိုင်မာအားကောင်းသော စည်းမျဉ်းကြီးကြပ်မှုဆိုင်ရာနည်းလမ်းများကို လက်တွေ့အသုံးချရန် လိုအပ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသား တိုက်တွန်းထားသည်။

စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဝေဟင်စစ်ဆင်ရေးများ ဆင်နွှဲနေပြီး ပြင်းထန်သော စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့် အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဌာနအနေဖြင့် ၎င်းတို့၏ လေယာဉ်ဆီကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်ကို လက်တွေ့ စတင် အသုံးပြုသင့်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံစီပွားရေး၏ လေယာဉ်ဆီကဏ္ဍတွင် လုပ်ကိုင်ရန် ဆုံးဖြတ်သည့် မည်သည့် ပြည်ပလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှန်သမျှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ခွင့်ပြုထားသည့် အရေးယူမှုအစီအမံတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ချမှတ်ခဲ့သော်လည်း ယနေ့အချိန်အထိ မည်သည့်လေယာဉ်ဆီဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတစ်ခုကိုမှ ချမှတ်ထားခြင်း မရှိသေးမှုအပေါ် JFM နှင့် Sentryတို့က ဝေဖန်ထောက်ပြသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုက လေယာဥ်ဆီကဏ္ဍအရေးယူမှု အစီအမံ ချမှတ်ပြီးနောက်ပိုင်းဖြစ်သည့်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှု ပမာဏ တိုးမြင့်လာကြောင်း Amnesty International အဖွဲ့ကြီးက မကြာသေးမှီက သတိပေးထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် တရုတ်အလံတင်သင်္ဘော HUITONG78၊ ရေနံသိုလှောင်ရေး ဆိပ်ကမ်းလုပ်ကိုင်သည့် ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. နှင့် စစ်အုပ်စုထံ လေယာဉ်ဆီရောင်းချမှုတွင် ပါဝင်ပတ်သက်နေသည့် အခြားသောအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM နှင့် Sentry အဖွဲ့တို့က တိုက်တွန်းတောင်းဆိုထားသည်။

The Sentry ၏ တရားမဝင် ငွေကြေးဆိုင်ရာမူဝါဒ ဒါရိုက်တာ Oliver Windridge က

“Amnesty International အဖွဲ့က ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ်၊ ၎င်းတို့က မြန်မာနိုင်ငံကို မရဏကုန်စည်တွေ ဘယ်လိုဆက်လက်ပေးပို့နေတယ်ဆိုတဲ့ ယုံကြည်ထိုက်တဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ နှစ်ကြိမ်တိုင် ပေးအပ်ခဲ့ပါတယ်။ ဘဏ္ဍာရေးဌာနအနေနဲ့ ဟန်ရေးပြသက်သက်မဟုတ် တကယ်အဟုတ်လုပ်တယ်ဆိုတာကို ပြသဖို့ မြန်မာစစ်အုပ်စုလေတပ်ကို အားပေးကူညီနေသူတွေကို မဖြစ်မနေ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ရပါမယ် “ ဟုပြောဆိုခဲ့သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း

“စစ်အုပ်စုက ခုခံတော်လှန်ရေးအင်အားစုတွေဆီမှာ နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးလာတာနဲ့အမျှ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အကြီးအကျယ် ပိုမိုမှီခိုလာရပြီး၊ ဒီလိုဗရမ်းဗတာ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးခြင်း၊ စာသင်ကျောင်း၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံနဲ့ လူနေကျေးရွာတွေကို ဖျက်ဆီးခံရခြင်း၊ လူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခြင်းတွေကို ဖြစ်စေခဲ့ပါတယ်။ စစ်အုပ်စုရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်ကို ဖြတ်တောက်ဖို့အတွက် နိုင်ငံတကာအရေးယူ ဆောင်ရွက်မှုတွေ ကင်းမဲ့နေခြင်းကြောင့်လည်း ဒီလိုရာဇဝတ်မှုတွေ ဆက်လက်ရှိနေတာပါ “ လို့ ဆက်လက်ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article