■ စံကျောင်းဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦး ပြင်းထန် ဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၁၂
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်မှ ပြည်သူများ စစ်ဘေးတိမ်းရှောင် သွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်နှင့် ဆိုင်ခန်းများကို စိတ်ကြိုက်ဖောက်ထွင်းနေပြီး စစ်သားများ CB ဘဏ်ကို ဖောက်ထွင်းနေစဉ် တွေ့မြင်ခဲ့သည့် ပြည်သူ ၁ ဦး ပစ်ခတ်ခံရရကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လပိုင်းမှစတင်၍ စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာသောကြောင့် မြို့ပေါ်နေ ပြည်သူအများစုသည် စစ်ဘေးတိမ်းရှောင်သွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် နေအိမ်များနှင့် ဆိုင်ခန်းများကို စိတ်ကြိုက် ဖောက်ထွင်းကာ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။
ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းကလည်း CB ဘဏ် ဖောက်ထွင်းနေသည့် စစ်သားများကို စဉ့်ကူးမြို့ ပဲလှော်ဖိုဆိုင်မှ အသက် ၆၀ ကျော်အရွယ် ဦးထွန်းမင်း(ခ)ဦးထုတ်ကြီး က တွေ့မြင်သွားသောကြောင့် အကြမ်းဖက် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာဖြင့် မန္တလေး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
“မြို့ထဲမှာတော့ ပြည်သူတွေ မရှိကြတော့ဘူး။ စစ်အုပ်စု နဲ့ ပျူတွေကတော့ ဖောက်ထွင်း ခိုးယူတာတွေရှိနေတယ်။ မြို့အလယ်က ပိတ်ထားတဲ့ ဈေးဆိုင်တွေ အကုန်ဖောက်ထွင်းတယ်။ ၁၀ ရက်နေ့ ညပိုင်းက CB ဘဏ်ဖောက်တာ ပဲလှော်ဖိုဆိုင်က တစ်ဦးက ထွက်ကြည့်လို့ သေနတ်နဲ့ပစ်တာ ဝမ်းဗိုက်ထိမှန်ပြီး မန္တလေး ဆေးရုံကြီးရောက်သွားပြီ သေလားရှင်လားတော့မသိဘူး။ ပြည်သူတွေကတော့ အကုန်ထွက်ကုန်ပြီ စစ်ခွေး၊ ရဲခွေး နဲ့ ပျူခွေးတွေပဲ ကျန်တယ်။ တိုက်ပွဲစဖြစ်ချိန်က ပြည်သူ တချို့ရှောင်နေကြတာ တချို့ပဲကျန်တာ” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့ အထက ကျောင်း အနောက်ဘက်ရှိ စံကျောင်းဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၂ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“၉ ရက်နေ့က စစ်ခွေးတွေ လေကြောင်းနဲ့ ဗုံးကျဲချလို့ အထက ကျောင်းရဲ့ အနောက်ဘက် စံကျောင်း ဘုန်းကြီးကျောင်း မုဒ်အဝင်ကို ဗုံးသီး ကျတာ အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာ ပြင်းထန်တယ်” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar