30 C
Yangon

မန္တလေးတိုင်းအတွက် ကြားကာလနိုင်ငံရေးအစီအမံ မူကြမ်း ရေးဆွဲမည်

Must read

မန္တလေးတိုင်းအတွက် ကြားကာလနိုင်ငံရေးအစီအမံ မူကြမ်း ရေးဆွဲမည်

ရန်ကုန်၊ ဇူလိုင် ၁၃

မန္တလေးတိုင်း၏ လက်ရှိ တော်လှန်ရေးကာလအတွက် ကြားကာလ နိုင်ငံရေးအစီအမံ တစ်ရပ်ပြင်ဆင်ဖော်ထုတ်ရေးအတွက် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မန္တလေး ဒေသ တော်လှန်ရေးအင်အားစုများ ပူး ပေါင်း၍ ကြားကာလနိုင်ငံရေး အစီအမံ မူကြမ်းရေးဆွဲမည်ဖြစ်ကြောင်း မန္တလေး တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက ပူးတွဲ ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ မူကြမ်းရေးဆွဲပြုစုရေးအတွက် ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းပြင်ဆင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ လုပ်ငန်းကော်မတီ၏ သက်တမ်းကို ၄ လ သတ်မှတ်ထားပြီး သဘောတူညီချက်နှင့် အညီ လိုအပ်သလို ထပ်မံ တိုးချဲ့နိုင်ပြီး မူကြမ်းရေးလုပ်ငန်းအစီအစဉ်ပါ ပြဋ္ဌာန်းချက်များကို မန္တလေးတိုင်းလွှတ်တော်နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများအကြား ညှိနှိုင်းသဘောတူညီမှုနှင့် အညီ လိုအပ်သလို ပြင်ဆင် ဖြည့်စွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံက အခု ဒီရေးဆွဲမယ့် ကော်မတီ ကိစ္စတွေရော ဒီ ကော်မတီကနေ ရေးဆွဲပြီးတော့ အတည်ပြုမယ့် အပိုင်းတွေရော လက်ရှိအနေအထားအရဆိုရင် မန္တလေးတိုင်းဒေသက လွှတ်တော်ကိုယ်စားလှယ်တွေရော နိုင်ငံရေးအင်အားစုတွေရော အားလုံး ရှေ့ဆက်မယ့် လုပ်ငန်းအစီအစဉ်တွေအားလုံး သဘောတူညီမှု ရခဲ့ပြီ။ သဘောတူညီမှုရပြီးလို့ သဘောထားကို ထုတ်ပြန်ကြေညာတယ်။ ပြီးရင် စပြီးတော့ အကောင်အထည်ဖော်ဖို့ အားလုံးစီစဉ်နေပါပြီ” ဟု ကြားကာလနိုင်ငံရေးအစီအမံ မူကြမ်း ရေးဆွဲရေး လုပ်ငန်းကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးလက်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လုပ်ငန်းကော်မတီအနေနှင့် မန္တလေးဒေသနှင့် သက်ဆိုင်သည့် တော်လှန်ရေး နိုင်ငံရေးအင်အားစုများကို စုစည်း ချိတ်ဆက်ခြင်း၊ ၎င်းတို့၏ သဘောထားနှင့် ပြည်သူများ၏ သဘောထား်ဆန္ဒကို ရယူကာ မန္တလေး ဒေသအတွက် လက်ရှိ တော်လှန်ရေးကာလ (သို့) ကြားကာလနိုင်ငံရေးအစီအမံ မူကြမ်းကို ရေးဆွဲ ပြုစုခြင်း၊ ချိတ်ဆက်ထားသည့် တော်လှန်ရေးအင်အားစုများကို ကိုယ်စားပြု၍ အားလုံးစုံညီပါဝင်နိုင်သည့် နိုင်ငံရေးအခင်းအကျင်းဆုံရပ်ကို ဖော်ဆောင်ခြင်း၊ မူကြမ်း ဆွေးနွေးပြင်ဆင်နိုင်ရန် သက်ဆိုင်သည့် တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများနှင့် ပြည်သူ့ သဘောထားဆန္ဒကို အစွမ်းကုန်ရယူကာ လုပ်ငန်းအစီအမံများ စူးစမ်းရှာဖွေ ဖော်ထုတ်ခြင်း၊ လစဉ် အလုပ်ဆောင်ရွက်မှုနှင့် ပြီးမြောက်မှုအခြေအနေကို ပုံမှန်တင်ပြခြင်းနှင့် ရေးဆွဲပြုစုထားသည့် မူကြမ်းနှင့် လုပ်ငန်းအစီရင်ခံစာအပြည့်အစုံကို မန္တလေးဒေသ တော်လှန်ရေးအင်အားစုများပါဝင်သည့် အခင်းအကျင်းဆုံရပ်နှင့် မန္တလေးတိုင်းလွှတ်တော်သို့ တင်ပြခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိအနေအထားက အရေးကြီးဆုံးအရာကို မန္တလေးတိုင်းက ဖော်ထုတ်ပြသလိုက်တယ်။ အဲဒါက ကျွန် တော်တို့အားလုံး အပြန်အလှန်လေးစားမှုတွေ၊ ပွင့်လင်းမြင်သာမှုတွေနဲ့ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုကနေတစ်ဆင့် စည်းလုံးမှုကို အားလုံး ဖော်ထုတ်ပြသနိုင်ခဲ့တယ်။ ဒီဟာက ကျွန်တော်တို့ အားလုံး မဖြစ်မနေလုပ်ရမယ့် အလုပ်ပါ။ တော်လှန်ရေးကာလလည်းဖြစ်တဲ့အတွက်။ ကျွန်တော်တို့အားလုံး စည်းလုံး ညီညွတ်မှုကို ရအောင် ယူနိုင်ခဲ့တယ်။ ရှေ့ဆက်ပြီး စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းဖို့ ညီညီညွတ်ညွတ်နဲ့ ဆက်လက်လုပ်ဆောင်ဖို့၊ လက်ရှိစစ်အာဏာရှင် ပြုတ်ကျဖို့နဲ့ နွေဦးတော်လှန်ရေး မျက်နှာကိုပဲ ကြည့်ပြီး တိုင်းပြည်ကောင်းအောင်တည်ဆောက်ဖို့ ကျွန်တော်တို့ ဒါတွေ အားလုံးကို သေချာ ညှိညှိနှိုင်းနှိုင်းနဲ့ ရှေ့ဆက်သွားဖို့ စဉ်းစားတိုင်ပင်ထားတာ ၊ သဘောတူထားတာတွေ ရှိပါတယ်” ဦးအောင်မျိုးလက်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကြားကာလနိုင်ငံရေးအစီအမံ မူကြမ်း ရေးဆွဲရန်အတွက် လုပ်ငန်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ လူထုသပိတ်အဖွဲ့အစည်း၊ CDM ရေးရာ အဖွဲ့အစည်း၊ သမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်း၊ အလုပ်သမား လယ်သမား အမျိုးသမီး မသန်စွမ်း LGBTIQ ၊ ကျောင်း သား လူငယ်ရေးရာအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ မန္တလေးဒေသအတွင်း ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကဏ္ဍအစုအဖွဲ့ကိုယ်စားလှယ်များ၊ လူနည်းစုလူမျိုးများအစုအဖွဲ့ကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- မန္တလေးအထင်ကရ ကျုံး၊ မြို့ရိုးနှင့် မန္တလေးတောင်တော် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article