တံတားဦးမြို့နယ်အတွင်း စစ်သားသစ် စုဆောင်းပေးနေသော အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၄
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းပေးနေသော အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းတွင် တံတားဦးမြို့နယ် ပုဏ္ဏားခြံရွာက အုပ်ချုပ်ရေးမှူး မျိုးထွန်း ၊ ၎င်း၏ မယားဖြစ်သူ စန်းယဉ် နှင့် မြေငူကျေးရွာမှ ပျူစောထီး စိုးသူ ၊ ကျော်ဇင် နှင့် ရန်အောင် တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။
ပုဏ္ဏားခြံရွာ အုပ်ချုပ်ရေးမှူး မျိုးထွန်းနှင့် စန်းယဉ်တို့ သည် အကြမ်းဖက် စစ်တပ် အားကိုးဖြင့် ကျေးရွာ အတွင်း နှင့် အနီးနားရှိကျေးရွာများမှ ပြည်သူများကို ၎င်းတို့နှင့် အဆင်မပြေပါက PDF ထောက်ပို့ လုပ်နေသူဟု စွပ်စွဲကာ စစ်တပ်ခေါ်၍ ရိုက်နှက် နှိပ်စက်ခိုင်းခြင်း၊ ကျေးရွာသူ ကျေးရွာသားများကို ပျူစောထီး ဖွဲ့ရန်အတွက် စည်းရုံး ခြိမ်းခြောက်ခြင်း၊ စစ်မှုထမ်းဥပဒေ အကောင်ထည် ဖော်နိုင်ရန် တက်ကြွစွာ ဆောင်ရွက်ပေးခြင်း၊ ရွာသူ ရွာသားများကို အချက်အလက်များကို ကောက်ယူ၍ စစ်မှုထမ်းရန် မဲနှိုက်ခြင်းများ လုပ်ဆောင်ခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြေငူကျေးရွာမှ အကြမ်းဖက် စစ်တပ် အတွင် အလုပ်လုပ်ပေးနေသော ပျူစောထီး စိုးသူနှင့် အပေါင်းအပါဖြစ်သော ကျော်ဇင်နှင့် ရန်အောင် တို့သည် ကျေးရွာအတွင်း ပြည်သူများထံမှ မီတာခ အတင်းအကြပ် မတန်တဆ ကောက်ခံခြင်း၊ မပေးနိုင်သည့်အိမ်များကို မီးဖြတ်ခြင်း၊ စစ်တပ်ကို ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ နေအိမ်များကို စစ်တပ်ထံ သတင်းပေး၍ ဝင်ရောက် ရှာဖွေ ဖျက်ဆီးခိုင်းခြင်း၊ တော်လှန်ရေးသမားများ၏ မိသားစုဝင်များ၊ ဆွေမျိုးတော်စပ်သူများကို စစ်တပ် ခေါ်၍ ဖမ်းဆီးခိုင်းခြင်း၊ ရိုက်နှက်နှိပ်စက်ခိုင်းခြင်းတို့ကို ကာလရှည်ကြာ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် တံတားဦးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှု သတင်းများကို စစ်တပ်ထံ သတင်းပေးပို့ခြင်း၊ မြေငူကျေးရွာတွင် ပျူသင်တန်းပို့ချနိုင်ရန် အစွမ်းကုန် ကြိုးစား အားထုတ်နေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး စစ်မှုထမ်းဥပဒေအရ မြေငူကျေးရွာသူ ကျေးရွာသားများကို စစ်မှုထမ်း မဲနှိုက်ရန်အတွက် စည်းရုံးခြင်း၊ ခြောက်လှန့်ခြင်း၊ စာရင်းကောက်ပေးခြင်း တို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်နေခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Golden Eagle Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
“Golden Eagle Defense Force က တံတားဦးမြို့နယ် ပကဖ ရဲ့ COC အောက်ကနေ လှုပ်ရှားနေကြတဲ့ မြို့ပြပြောက်ကျား ရဲဘော်များအဖွဲ့ ဖြစ်ပါတယ်။ တံတားဦးမြို့နယ်တွင်းက အုပ်ချုပ်ရေးမှူးတွေ၊ Non CDM တွေ၊ စစ်ကောင်စီ ဒေါက်တိုင်တွေ အမြန်ဆုံး အလင်းဝင်ကြဖို့ သတိပေးချင်တယ်” ဟု Golden Eagle Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တံတားဦးမြို့နယ်အတွင်း စစ်တပ် အားကိုးဖြင့် ပြည်သူများကို မတရားနှိပ်စက်၊ အနိုင်ကျင့်ဗိုလ်ကျသည့် သူများ၊ အကြမ်းဖက် စစ်တပ်၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရေးဆောင်ရွက်ပေးနေသူများနှင့် အကြမ်းဖက် စစ်တပ်က မတရားထုတ်ပြန်ထားသော ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသူများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Golden Eagle Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။