မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့က ၄ ရက်ကြာ ယာယီ အပစ်ရပ်စဲထားသော်လည်း စစ်တပ်က လားရှိုးမြို့ လွယ်ပြေရပ်ကွက်နှင့် ကုန်းညောင် ရပ်ကွက်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်
ရန်ကုန်၊ ဇူလိုင် ၁၅
ရှမ်းပြည် မြောက်ပိုင်းတွင် မဟာမိတ် ညီနောင် ၃ ဖွဲ့က ၄ ရက်ကြာ ယာယီ အပစ်ရပ်စဲထားသော်လည်း အကြမ်းဖက် စစ်တပ်က လားရှိုးမြို့ လွယ်ပြေရပ်ကွက်နှင့် ကုန်းညောင် ရပ်ကွက်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် လားရှိုးမြို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရပ်ကွက် ၁ နယ်မြေ ၇ ထင်းရှုးတောင်ပေါ်ရှိ အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် လွယ်ပြေရပ်ကွက်နှင့် ကုန်းညောင် ရပ်ကွက်များကို ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ညနေ ၃ နာရီ ဝန်းကျင်တွင်လည်း လားရှိုးမြို့ပေါ်ကို လေယာဉ်ဖြင့် ဗုံးကျဲသွားခဲ့ကြောင်း သိရသည်။
“Y 12 နဲ့ တစ်နေ့လုံးပတ်ပြီး လွယ်ပြေ ၊ ကုန်းညောင် ဘက်ကို ကျဲချနေတာ။ ၆ ကြိမ်လောက်ရှိမယ် ။ ညနေပိုင်းဂျက်ဖိုက်တာနဲ့ ပြန်လာကျဲတယ်။ ည ၆ နာရီခွဲမှာ လက်နက်ကြီးတွေနဲ့ ဝိုင်းပစ်နေတယ်။ ခုချိန်ထိပဲ အိမ်တွေပါ တုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် လားရှိုးမြို့ကို နေ့စဉ် ဗုံးကျဲနေခြင်းဖြစ်ပြီး ယနေ့ ကျဲချသည့် ဗုံးသည် ရပ်ကွက် ၇ ထဲသို့ ကျသွားပြီး ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။
