ရန်ကုန်၊ ဇွန် ၇
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်နှင့် ၅၄ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက မင်းတပ်မြို့ကို ဗုံး ၄ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၁၀ လုံးကျော်ခန့် ထိခိုက် ပျက်ဆီးခဲ့ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပန်းကုံးရွာ စာသင်ကျောင်းအနီးကိုလည်း အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းရေဦးမြို့နယ်အနောက်ခြမ်းဇုံ သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ညနေပိုင်းတွင် ရေဦးမြို့နယ် မြောက်ဘက်ခြမ်း ပန်းကုံးကျေးရွာ စာသင်ကျောင်းအနီးကို ရွှေဘိုလေ့ကျင့်ရေး ၈ မှ တက်လာသော အသေခံဒရုန်း ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ လယ်ကွင်းပြင်များတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ရွှေဘိုလေ့ကျင့်ရေး ၈ ကနေ လွှတ်တင်တဲ့ Kamikaze Suicide Drone အမျိုးအစားက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ အရပ်သားပြည်သူ ထိခိုက်မှုမရှိခဲ့ပါဘူး။ နေအိမ်တွေထိခိုက်မှုမရှိခဲ့ဘူး။ လယ်ကွက်ထဲကျရောက်ပေါက်ကွဲခဲ့တယ်” ဟု ရေဦးမြို့နယ်အနောက်ခြမ်းဇုံ သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
photo credit – Hkl Mindat






