25.7 C
Yangon

ယင်းမာပင်တွင် စစ်တပ်က လည်ငေါက်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ပုလဲမြို့နယ်ရှိ မင်းတိုင်ပင်ရွာတွင်လည်း စစ်တပ်က နေအိမ်ရှိ သံတံခါးနှင့် ကျွန်တံခါးများမကျန် ဖြုတ်ယူ ရောင်းစားနေ

Must read

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ လည်ငေါက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့ပေါ်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လည်ငေါက်ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒီနေ့မနက်ပိုင်းက ယင်းမာပင်မြို့ပေါ်ကနေ ထွက်လာပြီး လည်ငေါက်ရွာကို ဝင်မီးရှို့တာ။ ရွာထဲက နေအိမ်တော်တော်များများ မီးလောင်သွားတယ် ကြားတယ်။ စစ်ခွေးတွေက ပြည်သူပိုင်နေအိမ်တွေကို ဝင်မွှေပြီး ပစ္စည်းတွေ ခိုးယူပြီးမှ မီးရှို့တာ။ အခုတော့ စစ်ခွေးစစ်ကြောင်းက ယင်းမာပင်မြို့ဘက်ကို ပြန်ဝင်သွားတယ် ဘယ်ချိန်ထပ်ထွက်လာမလဲ မသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားသော်လည်း ကျေးရွာအတွင်း နောက်ကျန် ကင်းပုန်းများ ရှိ၊ မရှိကို အတည်မပြုနိုင်သေး၍ ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်နှင့် ကျေးရွာအတွင်း စစ်ကြောင်းမရှိတော့မှသာ ပြန်လည်ဝင်ရောက်ကြရန် ဒေသတွင်း တော်လှန်ရေးအင်းအားစုများ သတိပေးနှိုးဆော်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ မင်းတိုင်ပင်ကျေးရွာတွင် ၁ နှစ်နီးပါး ကြာ တပ်စွဲထားသော စစ်တပ်က ယခုရက်ပိုင်းအတွင်း ပြည်သူပိုင်နေအိမ်များမှ သံတံခါးနှင့် ကျွန်တံခါးများမကျန် ဖြုတ်ယူ ရောင်းစားနေကြောင်း မင်းတိုင်ပင်ရွာမှ စစ်ဘေးတိမ်းရှောင်နေရသော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြီးခဲ့သည့် မေလပိုင်းမှ စတင်ကာ မင်းတိုင်ပင်ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသော စစ်တပ်သည် ပြည်သူပိုင်နေအိမ်များမှ သံတံခါးများ၊ ကျွန်တံခါးများနှင့် တန်ဖိုးကြီးပစ္စည်းများကို ဖြုတ်ခိုးကာ ပြန်လည်ရောင်းစားနေသည်မှာ ယခုရက်ပိုင်းအတွင်း ပိုမိုဆိုးဝါးလာပြီး လမ်းဘေးတွင် ဆောက်လက်စနေအိမ်များမှ ကျွန်းတိုင်များ သွပ်မိုးများကိုပါ ရောင်းစားနေကြကြောင်း သိရသည်။

ထို့ပြင် ဇီးဖြူကုန်း ပျူစောထီးရွာမှ ပျူစောထီးများသည်လည်း နံနက်ခင်းအချိန်တိုင်း လှည်းများဖြင့် မင်းတိုင်ပင်ရွာအတွင်းသို့ ဝင်ရောက်ကာ လူသူမရှိသည့် ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို စိတ်တိုင်းကျ ဖြုတ်ယူသယ်ဆောင်နေကြပြီး ပြန်လည်ရောင်းစားနေကြောင်း သိရှိရသည်။

“ဟိုရက်က မင်းတိုင်ပင်ရွာမှာရှိတဲ့နေအိမ်တွေကနေ ပစ္စည်းတွေဖြုတ်ယူလုယက်ယူဆောင်နေကြတာကို သတင်းတင်ပြီးနောက် ယခုရက်ပိုင်း ပိုပြီးတော့ ဆိုးရွားလာတယ်။ ယခုဆိုရင် နေအိမ်က ကျွန်တံခါးတွေ တန်ဖိုးကြီးတဲ့ အရာမှန်သမျှ ဖြုတ်ယူနေကြတာကို ဘယ်သူကမှ တားဆီးပေးနိုင်တာမတွေ့ရဘူး။ ရပ်ရွာလူထုဟာ ကြာလာရင် ဆုံးဖြတ်ချက် အမှားတွေဝင်လာတော့မယ်ထင်ပါတယ်။ မနက်ဆိုရင် ဇီးဖြုကုန်းပျုရွာက ပျုတွေက လှည်းတွေနဲ့ မင်းတိုင်ပင်ရွာကိုလာပြီး လူသူမရှိတဲ့နေအိမ်တွေကနေ စိတ်တိုင်းကျ ဖြုတ်ယူပြီး ယူဆောင်သွားကြတယ်။ တချို့လမ်းဘေးက ဆောက်လက်စ အိမ်တွေဆီက သွပ်မိုး၊ အိမ်တိုင်နဲ့ ဆောက်လက်စ အိမ်တွေဆို အလုံးလိုက်ဖြုတ်သွားကြတယ်” ဟူ မင်းတိုင်ပင်ရွာမှ စစ်ဘေးတိမ်းရှောင်နေသော ပြည်သူတစ်ဦးက ပြောဆိုသည်။

ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လပိုင်းတွင် ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းမှ ထွက်ပြေးလာသည့် စစ်သားနှင့် ရဲများသည် မင်းတိုင်ပင်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အထိုင်ချတပ်စွဲထားသည့်မှာ တစ်နှစ်နီးပါးခန့် ရှိလာနေပြီး ရွာသူရွာသားများမှာ နေရပ်စွန့်ခွာကာ ယနေ့အချိန်အထိထွက်ပြေးတိမ်းရှောင်နေကြရကာ နေအိမ်များတွင်လည်း စစ်တပ်နှင့် ပျူစောထီးများက အိမ်အလုံးလိုက်ဖြုတ်ယူ ခိုးရောင်းစားခံနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပုလဲမြို့နယ် အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က ညအချိန် မီးလောင်ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article