ရန်ကုန်၊ ဇူလိုင် ၁၆
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မတည်ငြိမ်မှုများကြောင့် အမေရိကန်ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုများကို ထိုင်းကုမ္ပဏီများက ပြန်လည် ရုပ်သိမ်းမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြကြသည်။
ယခင်က ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တတိယမြောက် အကြီးမားဆုံးရင်းနှီးမြှုပ်နှံထားသော နိုင်ငံဖြစ်ခဲ့သော်လည်းယခုအခါ အဆင့် ၅ သို့ကျဆင်းသွားကြောင်း၊ မြန်မာနိုင်ငံတွင် စီမံကိန်း ၁၅၅ ခုတွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ရာမှ စီမံကိန်း ၁၀၅ ခု အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားကြောင်း ၊ စီမံကိန်း ၅၀ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ပြန်လည်ထွက်ခွာသွားကြောင်း၊ ယင်းကဲ့သို့ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ အစုအပြုံလိုက် ထွက်ခွာမှုသည် မြန်မာ့စီးပွားရေးအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း သိရှိရသည်။
Prachachat Business News ၏ အဆိုအရ ထိုင်းနှင့် မြန်မာကြား ကုန်သွယ်မှုသည် ဇန်နဝါရီမှ မေလအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံရှိကြောင်း၊ ယခင်နှစ်များနှင့်နှိုင်းယှဉ်လျှင် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၏ ပို့ကုန် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ၊ ၁၁ ဒသမ ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း၊ ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ သွင်းကုန်တင်သွင်းမှုမှာလည်း ၈ ဒသမ ၅၂ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအထိ ကျဆင်းသွားကြောင်း သိရှိရသည်။
လက်ရှိတွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများမှာ လျှော့ကျသွားရန်မရှိသဖြင့် ထိုင်းကုမ္ပဏီ အများအပြားက မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းလိုက်ကြောင်း၊ ထိုင်းနိုင်ငံမှ TPBI Public Company Limited က ၎င်း၏ လုပ်ငန်းခွဲဖြစ်သော TPBI & Myanmar Star Company Limited ကို ဇူလိုင် ၈ ရက်နေ့တွင် ဖျက်သိမ်းခဲ့ပြီး Christiani & Nielsen (Thai) Public Company Limited နှင့် General Engineering Public Company Limited တို့ကလည်း လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေး အခြေအနေများကြောင့် ၎င်းတို့၏ မြန်မာလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း အသီးသီးကြေညာကြသည်။
ဓာတ်ပုံ – ၂၀၂၃ ခုနှစ် မတ်လ မြ၀တီကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar