မိုးကုတ်မြို့ အနောက်ပိုင်းကိုစစ်တပ်က အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှု အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၁၇
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းကို အကြမ်းဖက် စစ်တပ်က အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ပြောဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲ ထားသော ဗျူဟာကုန်းမှနေ၍ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်မချယ်ရီရပ်ကွက်ဘက်ကို အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူပိုင် နေအိမ်များပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ထို လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေး ၁ ဦး နှင့် အသက် ၄၀ နှစ်အရွယ် ယာအိ မြတ်မွန်ဆိုသူ ထိမှန်သေဆုံးသွားသည့်အပြင် အသက် ၁၈ နှစ်အရွယ် လွေးသိမ့်သီင်္ဂီအေး၊ အသက် ၁၄ နှစ် လွေးဆုမြတ်ဆန်ဒီ၊ အသက် ၈၄ နှစ်အရွယ်ရှိ ဒေါ်ခင်စိန်၊ အသက် ၄၄ နှစ် အရွယ်ရှိ ဦးဝင်းကျော်သူခိုင် နှင့် အသက် ၄၀ နှစ် အရွယ်ရှိ ဒေါ်ဖြူဖြူမွန်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဇူလိုင် ၁၄ ရက်နေ့ မှ ၁၈ရက်နေ့အထိ ၄ ရက်တာ အပစ်ရပ်ထား သော်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်တိုက် ခိုက်မှုကြောင့် အပစ်ရပ်ကာလ ၂ ရက်အတွင်း အရပ်သား ပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ ကြကြောင်းသိရှိရသည်။
ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲ ၂၂ ရက်တာ အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သားများကို ဦးတည်၍ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၆၉ ဦးသေဆုံးပြီး ၁၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။


