23.9 C
Yangon

မြိုင်မြို့ပေါ်ရှိ ပျူစောထီး ခေါင်းဆောင် ထိန်လင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

မြိုင်မြို့ပေါ်ရှိ ပျူစောထီး ခေါင်းဆောင် ထိန်လင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၀

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင် ထိန်လင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် ထောက်တိုင် ပျူစောထီး ခေါင်းဆောင် ထိန်လင်းကို မြိုင် ပကဖ မှ ရဲဘော်များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီး ခေါင်းဆောင် ထိန်လင်းသည် လက်နှင့် ခြေထောက်တွင် ထိခိုက် ဒဏ်ရာရရှိပြီး ဆေးရုံအနီးရှိ နေအိမ် ၁ အိမ်တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ထောက်တိုင် ပျူစောထီးများ သတင်းပေးများကို ဆက်လက် တိုက်ခိုက်သွားမည်ဟု မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် ကြေးနီတင် အကြမ်းဖက် စစ်ယာဉ်တန်း ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးဒဏ်ရာရရှိခဲ့ပြီး ကားထိခိုက်ပျက်စီးမှုရှိကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီ ၂၃ မိနစ်အချိန်တွင် စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်တွဲကား ၁၅ စီးပါယာဥ်တန်း အနက် ၅ စီး မြောက် တွဲကားကို ချောင်းဦး-မြင်းမူလမ်းပိုင်း၌ အသင့်ပြင်ထားသော ထန်းလုံးမိုင်း အကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်း ဆွဲခဲ့တာတော့ စခတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရတယ်၊ လက်မောင်းထဲတော်တော် နစ်ဝင်သွားတယ်လို့ ပြောတယ်၊ ခေါင်းလည်းထိသွားတယ်၊ အနီးအနားက ဂိတ်ထဲဝင်၊ ဆေးပတ်တီး စီးပြီး ပြန်ထွက်သွားကြတာ၊ အရင်နေ့တွေကတော့ ကားပျက်စီးထိခိုက်တာလောက်ပဲ စုံစမ်းလို့ရ တယ်” People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီ ၂၅ မိနစ်အချိန်ကလည်း မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်တွဲကား ၁၅ စီးအနက် ၉ စီး မြောက် လိုက်ပါ လာသော တွဲကားကို ချောင်းဦး-မြင်းမူလမ်းပိုင်း၌ ပဒေသာမိုင်း ၃ လုံး ၂ ပွိင့် စုစုပေါင်း မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၁၂ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က ဝမ်ပေါင်ဘက်မှ စစ်ကိုင်းဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင် တွဲကား ၄ စီးပါ ယာဉ်တန်းကို မုံရွာ – ချောင်းဦးလမ်းပိုင်း၌ ထန်းလုံးမိုင်း အကြီး ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း-People’s Defence Force – South Monywa ၊ Youth Vigor Revolution Force ၊ Black Hunter People’s Task Force ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article