မင်းကင်းမြို့နယ်၊ တင်ဘက်ရွာမှ စစ်သား ၁ ဦး မိန်းမဖြစ်သူကို နေအိမ်သို့ ပြန်လည် ပို့ဆောင်စဉ် မိုင်းနင်းမိပြီး ၂ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တင်ဘက်ရွာမှ စစ်သား ၁ ဦး မိန်းမဖြစ်သူကို နေအိမ်သို့ ပြန်လည် ပို့ဆောင်စဉ် မိုင်းနင်းမိပြီး ၂ ဦးသေဆုံးခဲ့ကြောင်း Student’s Revolutionary Force -SRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် မင်းကင်းမြို့နယ်၊ တင်ဘက်ရွာ ပျူစောထီးစခန်းတွင် တာဝန်ကျ နေသော အ ကြမ်းဖက် စစ်သား ၁ ဦးသည် ၎င်း၏ ဇနီးဖြစ်သူကို ခေါ်ယူ တွေ့ဆုံပြီးနောက် သူငယ်ချင်း ဖြစ်သူ စစ်သားတစ်ဦးနှင့် ပျူစောထီး တို့ကို ပြန်လိုက် ပို့ဆောင်စဉ် ဦးကြီးလမ်းပိုင်းတွင် မိုင်းနင်းမိပြီး စစ်သား ၁ ဦး ပေါင်ပြတ်ကာ ကျန် ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ဦးကြီးလမ်းပိုင်းသည် အကြမ်းဖက် စစ်ကောင်စီတပ်သား နှင့် ပျူစောထီးများ အသုံးပြုသော လမ်းပိုင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးမှု ရယူရန် ကြိုးစားနေသော လမ်းပိုင်း ဖြစ်ကြောင်း၊ ယခုမိုင်းထောင်မှုသည် Student’s Revolutionary Force -SRF တပ်ဖွဲ့မှ ထောင်ထားခဲ့ သည့် မိုင်းဖြစ်ကြောင်း သိရှိရသည်။
စစ်သားနှင့် ပျူစောထီးများ အနေဖြင့် စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ကြရန်နှင့် ထိန်းချုပ်နယ်မြေများမှ အမြန်ဆုံး စွန့်ခွာကြရန် ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့ (SRF) ဗဟိုကော်မတီမှ ထုတ်ပြန်ထားပြီး မင်းကင်းမြို့နယ်နေ ပြည်သူများ အနေဖြင့် လုံခြုံအသိ၊ သတိဖြင့် သွားလာနေထိုင်ကြရန် SRF အဖွဲ့က ပြောဆိုထားသည်။
