30.9 C
Yangon

လောင်းလုံးမြို့နယ်၊ ညှင်းမော်ရွာကို စစ်ကြောင်းထိုးလာသော စစ်သားများ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး အထိနာ၍ မြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာထွက်ပြေး

Must read

ရန်ကုန်၊ ဧပြီ ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညှင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး အထိနာ၍ မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ်ပြောဆိုချက်အရ သိရသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်မှ စတင်ပြီး ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အထိ လောင်းလုံးမြို့ပေါ်မှ ညှင်းမော်ကျေးရွာအတွင်းသို့ ထားဝယ်-လောင်းလုံးလမ်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲထားသည့် အင်အား ၁၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုသေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ယင်းတိုက်ခိုက်မှုကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အထိနာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ညှင်းမော်ရွာမှ လောင်းလုံးမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ လက်ရှိချိန်တွင် စစ်တပ်စစ်ကြောင်း ပြန်ဆုတ်သွားသော်လည်း အချိန်မရွေး ပြန်လည်စစ်ကြောင်းထိုးလာနိုင်သောကြောင့် ပြည်သူများ စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

“မနေ့ည ၁၁ နာရီခွဲလောက်မှာ စစ်ခွေးတွေ ပြန်ဆုတ်သွားတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်တာရှိတယ်။ အဲ့လိုတိုက်ခိုက်ခံရလို့ အထိနာပြီး ညမှာပဲ လောင်းလုံးမြို့ပေါ်ကို ပြန်ဆုတ်သွားတယ်။ အဲ့စစ်ခွေးတွေက စစ်ကြောင်းထိုးလာပြီး ညှင်းမော်ရွာထဲမှာ တပ်လာစွဲတာ။ အဲ့တော့ တော်လှန်ရေးတပ်ဖွဲ့တွေက ချက်ချင်းရောက်လာပြီး ဒရုန်းတွေနဲ့ ဗုံးတွေချတာ အထိနာတော့ စစ်ခွေးတွေ ချက်ချင်းပြန်ပြေးသွားတာ။ တစ်ရက်ပဲကြာတယ် ချက်ချင်းပြန်ပြေးသွားကြတာ။ စစ်ခွေးတွေက လောင်းလုံးမြို့နယ် အောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးချင်တာမျိုးရှိတော့ ပြည်သူတွေက နိုးနိုးကြားကြားနဲ့ ဂရုတစိုက်နဲ့ ကြိုပြီးတော့ ပြင်ဆင်ထားကြတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပိတ်ဆို့ တားဆီးတဲ့ပုံစံမျိုးတွေရှိတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့နယ်အတွင်း အချိန်မရွေး ပြန်လည်စစ်ကြောင်းထိုးလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိ၊ စစ်ရေးသတင်း အမြဲရှိကြရန် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article