ရန်ကုန်၊ ဧပြီ ၂၄
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်၊ အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ယနေ့တွင် တရားဝင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။
အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ယနေ့ ကြေညာချက်တွင် သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာမှုအပေါ် ကြိုဆိုကြောင်း၊ ဧပြီလ ၁၇ ရက် မြန်မာနှစ်သစ်ကူးတွင် အကျဉ်းသား ၄,၀၀၀ ကျော်ကို လွှတ်ပေးခဲ့ရာတွင် သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာခြင်းကို အာဆီယံက အထူးတလည် ကြိုဆိုပြီး ယင်းမှာ မြန်မာ နိုင်ငံရှိ သက်ဆိုင်သူအားလုံး ပါဝင်နိုင်မည့် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာစေရန်အတွက် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ဖော်ပြထားသည်။
စစ်မှန်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှု၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသည့် အကျဉ်းသားအားလုံးကို ဆက်လက်လွှတ်ပေးရန် အာဆီယံက တိုက်တွန်းထားသည်။
အာဆီယံ၏ “ဘုံသဘောတူညီချက် ၅ ရပ်” (5-Point Consensus) သည် မြန်မာ့အရေးဖြေရှင်းရန် အဓိက ကိုးကားချက်အဖြစ် ထပ်လောင်းအတည်ပြုခဲ့ပြီး အရပ်သားများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအပေါ် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံးက အစွမ်းကုန် ထိန်းသိမ်းကြရန်နှင့် အခြေအနေများ ပိုမိုဆိုးရွားလာစေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန်၊လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်မည့် လုံခြုံသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် အာဆီယံဥက္ကဋ္ဌက တောင်းဆိုထားသည်။
မြန်မာနိုင်ငံသားများ ကိုယ်တိုင်ဦးဆောင်သည့် (Myanmar-owned, Myanmar-led) ငြိမ်းချမ်းသော နည်းလမ်းဖြင့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံက ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အနေဖြင့်လည်း သက်ဆိုင်သူအားလုံး ပါဝင်နိုင်မည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန်အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ ၏ ကြေညာချက်တွင် ကတိပြုထားသည်။
၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံ၏ ယနေ့ ကြေညာချက်သည် မြန်မာစစ်အုပ်စုအပေါ် ပေးလိုက်သည့် သိသာထင်ရှားသော နိုင်ငံရေးဖိအားတစ်ခု ဟုဆိုနိုင်ကြောင်း တော်လှန်ရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။




