33 C
Yangon

ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီ ကယ်ဆယ်ရေးစခန်းမှ ပြည်သူ ၇ ဦးကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသတ်ဖြတ်

Must read

ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီ ကယ်ဆယ်ရေးစခန်းမှ ပြည်သူ ၇ ဦးကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ ဇူလိုင် ၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီ ကယ်ဆယ်ရေးစခန်းမှ ပြည်သူ ၇ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မျှစ်သွားချိုးရန် ထွက်သွားသည့် ဘူးသီးတောင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေး စခန်းတွင် နေထိုင်သော ခမီလူမျိုး ပြည်သူ ၇ ဦးသည် တစ်ရက်ကြာမြင့်သည်အထိ နေအိမ်များကို ပြန်လည်ရောက်ရှိလာခြင်း မရှိသောကြောင့် ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် မိသားစုဝင်များက အာရက္ခတပ်တော်ထံ သတင်းပို့လာခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂန္ဓာရီ ရွာသားများ စုပေါင်းပြီး သွားရောက်နိုင်မည့် နေရာများနှင့် အနီးအနား ကျေးရွာများကို လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံရှာဖွေစဉ် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကို ကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက် စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ ၃ ဦး၏ ရုပ်အလောင်းများကို ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ကျန်ရှိနေသော ပြည်သူ ၄ ဦးဖြစ်သည့် ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦးတို့၏ ရုပ်အလောင်းများကို ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကို ကျေးရွာအနီး၌ ဓားဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဂန္ဓာရီ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသော ခမီလူမျိုး ပြည်သူ ၇ ဦးသည် ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေကြသူများဖြစ်ပြီး ဝမ်းရေးအတွက် ဟင်းရှာနေစဉ်အတွင်း ဖက်ဆစ် စစ်ကောင်စီမှ အကြမ်းဖက် သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသူများက ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ ၇ ဦး၏ ရုပ်အလောင်းများကို အာရက္ခတပ်တော်က ရွာသူရွာသားများနှင့် ပူးပေါင်းကာ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပြီး လိုအပ်သော အကူအညီများကိုလည်း ဆက်လက် ပေးအပ်ခဲ့ကြောင်း၊ အကြမ်းဖက်ခံရ၍ သေဆုံးသွားခဲ့ရသော ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ အပြစ်မဲ့ ပြည်သူ ၇ ဦး၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရကြောင်း အာရက္ခတပ်တော် ကထုတ်ပြန်ထားသည်။

ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် ဖက်ဆစ် စစ်ကောင်စီသည် အကြမ်းဖက် သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးသည့် နောက်ပိုင်းတွင် အရပ်သား ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ အရပ်သား ပြည်သူများသွားလာသည့်လမ်းများ၌ မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှိဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင်အိမ်များအား ဖောက်ထွင်းလုယက်ခြင်းများ၊ ခြိမ်းခြောက်စာများကပ်ခြင်းတို့ကို ဆက်တိုက် ပြုလုပ်လာသောကြောင့် အရပ်သားပြည်သူများအနေဖြင့် ဟင်းရှာဖွေခြင်း၊ သွားလာခြင်း၊ နေထိုင်ခြင်းများကို အထူးဂရုပြု သွားလာကြရန် နှင့် သတိဖြင့်နေထိုင်ကြရန် အာရက္ခတပ်တော် က သတိပေးပြောဆိုထားသည်။

အဆိုပါ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသော သူများကို အာရက္ခတပ်တော်က အမြန်ဆုံး ရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်ပြီး အာရက္ခဒေသနေ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံရေးတို့ကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက် လက်နက်ကိုင်များကို ထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article