24.9 C
Yangon

အာဆီယံ အစည်းအဝေးနှင့် အခမ်းအနားများတွင် စစ်ကောင်စီကို မဖိတ်ကြားရေး ဘန်ကောက်ရှိ လာအိုသံရုံးသို့ အရပ်ဘက်အဖွဲ့ ၃၃၃ ခုက အိတ်ဖွင့်ပေးစာ ပေးပို့သော်လည်း သံရုံးက စာကို လက်မခံဘဲ ငြင်းပယ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

အကြမ်းဖက် စစ်ကောင်စီကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝးနှင့် ဆက်စပ် အခမ်းအနားများသို့ မဖိတ်ကြားရေး ထိုင်းနိုင်ငံရှိ လာအို သံရုံးကို အဖွဲ့အစည်း ၃၃၃ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရာ သံရုံးက စာကို လက်ခံယူဆောင်ခြင်း မရှိကြောင်း အိတ်ဖွင့် ပေးစာသွားရောက် ပေးပို့သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်တွင် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အခမ်းအနားများနှင့် စပ်လျဉ်း၍ မြန်မာပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို ထောက်ခံအားပေးရန် တောင်းဆိုသည့် အိတ်ဖွင့် ပေးစာကို အဖွဲ့အစည်း ၃၃၃ ဖွဲ့ က လက်မှတ်ရေးထိုး၍ ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ လာအို သံရုံးကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများအားလုံးမှ ဖယ်ထုတ်ရန်နှင့် အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများအားလုံးတွင် မြန်မာပြည်သူလူဝ ကိုယ်စားပြုအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်များဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရကို တက်ရောက်ခွင့်ပေးရန် အဖွဲ့အစည်း ၃၃၃ ဖွဲ့က တောင်းဆိုထားသည်။

လာအိုနိုင်ငံသည် အာဆီယံဥက္ကဌတာဝန် ယူစဉ် ယခုနှစ်အစောပိုင်းတွင် လောင်ဖရာဘန်းမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ Retreat အစည်းအဝေးသို့ စစ်အုပ်စု လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့မှုကြောင့် စိုးရိမ် ပူပန်ရကြောင်း၊ စစ်အုပ်စုခေါင်းဆောင်ပိုင်းများကို အဆင့်မြင့်အစည်းအဝေးများမှ ဖယ်ထုတ်ရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကတည်းက ချမှတ်ခဲ့သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ပြန်လည်ဆင်ခြင်မည် ဆိုပါက ယခု ကျင်းပတော့မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး၊ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများသို့ စစ်အုပ်စုကိုယ်စားလှယ်များအား တက်ရောက်ရန် ဖိတ်ကြားမှုသည် ယင်းရက်သတ္တပတ်အတွင်း၊ ယင်းနေရာတွင်ပင် ယင်းဖိတ်ကြားထားသူများ အကြား ကျင်းပမည့် အဆင့်မြင့် အစည်းအဝေးများသို့ “နောက်ဖေးဝင်ပေါက်” တစ်ခုကို ဖန်တီးပေး လိမ့်မည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကြပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး နှစ်ဖက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောင်းဆိုထားသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် ကို စစ်အုပ်စုက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုကို တုန့်ပြန်သည့်အနေဖြင့် အာဆီယံသည် အဆိုပါ ရပ်တည်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းနောက်ပိုင်းတွင် စစ်အုပ်စုအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရန် ကြိုးပမ်းမှု သို့မဟုတ် တိုးတက်မှု တစ်စုံတစ်ရာကိုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိသည်ကိုလည်း လူကြီးမင်းများ သိရှိထားပြီးဖြစ်မည်ဟု မျှော်လင့်ကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

အာဆီယံသည် မြန်မာစစ်အုပ်စု၏ “နိုင်ငံရေးအရကိုယ်စားမပြုသူ” ကိုယ်စားလှယ်များကို အစည်းအဝေးများသို့ ဖိတ်ကြားရန် ရည်ရွယ်သည်ဖြစ်သော်လည်း၊ “စစ်အုပ်စု၏ နိုင်ငံရေးအရကိုယ်စားမပြုသူဆိုသည်မှာ မတည်ရှိကြောင်း” ကို မဖြစ်မနေ မှတ်သားထားရန် လိုအပ်ကြောင်း၊ စစ်အုပ်စုက အာဏာသိမ်းရန် ကြိုးပမ်းမှုစတင်ပြီးနောက် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် အခြားအစိုးရအဖွဲ့အစည်းအသီးသီမှ စစ်အုပ်စုအား ဆန့်ကျင့်သည့် ပြည်သူ့ဝန်ထမ်း သိန်းပေါင်းများစွာသည် နိုင်ငံအနှံ့အပြား၌ အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွ ပါဝင်ခဲ့ကြပြီး ၎င်းတို့သည် တရားဥပဒေနှင့် လျော်ညီခြင်းမရှိသည့် တရားမဝင်စစ်အုပ်စု လက်အောက်တွင် အလုပ်လုပ်ရန် ငြင်းဆိုခဲ့ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အစည်းအဝေး တစ်ရပ်ကို တက်ရောက်ရန် စစ်အုပ်စုက ရွေးချယ်စေလွှတ်သည့် ၎င်းတို့ သိမ်းပိုက်ခံ အစိုးရ ဝန်ကြီးဌာနတစ်ခုမှ မည်သူပင်ဖြစ်စေ စစ်အုပ်စု၏ နိုင်ငံရေးအရ ကိုယ်စားပြုသူအဖြစ်သာ မှတ်ယူသင့်ကြောင်း ဖော်ပြထားသည်။

မြန်မာစစ်အုပ်စုသည် မည်သို့သော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်မဆို အစိုးရတရပ် မဟုတ်ကြောင်း၊ ၎င်းသည် အာဆီယံအစည်းအဝေးများနှင့် လုပ်ငန်းစဉ်များတွင် မြန်မာပြည်သူများကို ကိုယ်စားပြုရန် တရားဝင်မှုမရှိကြောင်း ကျွန်ုပ်တို့ ထောက်ပြလိုကြောင်း၊ လူကြီးမင်းများ သိရှိသည့်အတိုင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ၊ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနည်းကျ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့ပြီး တောင်ပြိုကမ်းပြို အောင်ပွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သောအစိုးရ တစ်ရပ်ကို မဲဆန္ဒရှင်များ က ရွေးကောက်တင်မြှောက်ခဲ့ကာ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတကြောင်း၊ ရွေးကောက်ပွဲ ရလဒ်သည် မြန်မာပြည်သူလူထု၏ဆန္ဒကို ကိုယ်စားပြုကြောင်း အမှီအခိုကင်းသော ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက တညီတညွတ်တည်း ကောက်ချက် ချခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုစတင်ခဲ့ပြီး ထိုအချိန်မှစ၍ တရားဥပဒေနှင့် မလျော်ညီသော တရားမဝင် စစ်အုပ်စုသည် ပြည်တွင်း ဝန်ကြီးဌာနများ၊ ဗဟိုဘဏ်၊ ပြည်ပသံရုံးများနှင့် ယခင်နိုင်ငံအဆင့် ကုန်သွယ်မှုနှင့် စက်မှုလက်မှုကုန်သည်ကြီးများအသင်း အပါအဝင် အစိုးရ အဖွဲ့အစည်း အများအပြားကို သိမ်းပိုက်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရအဖြစ် ဟန်ဆောင် ရပ်တည်ရန် ကြိုးပမ်းခဲ့ကြောင်း၊ စစ်အုပ်စုသည် ၎င်းကိုယ်၎င်း “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဟု ရည်ညွှန်းသုံးစွဲနေသော်လည်း ၎င်းတို့တွင် အစိုးရရုံးများကို အုပ်ချုပ်ပိုင်ခွင့် မရှိကြောင်း၊ စစ်အုပ်စုသည် မြန်မာနိုင်ငံ ဥပဒေအရ သာမက၊ နိုင်ငံတကာဥပဒေတွင် သတ်မှတ်ထားသည့် အကြမ်းဖက် အဖွဲ့အစည်း အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီသည့် ရာဇဝတ်အဖွဲ့အစည်းတစ်ရပ် ဖြစ်သည့်အတွက် မြန်မာပြည်သူများက ငြင်းပယ်ထားသည်။

ယနေ့အချိန်အထိ စစ်တပ်သည် လူပေါင်း ၅,၃ဝဝ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ ၂၇,၀၀၀ ကျော်ကို ဖမ်းစီးခဲ့ကာ ၂၀,၇၀၀ ကျော်အား အကျဉ်းချခဲ့ကြောင်း၊ စစ်တပ်သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျာ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ၊ အမြောက်လက်နက်များဖြင့် ပစ်ခတ်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မဖြစ်တည်မှု အခြေပြု အကြမ်းဖက်မှုများ၊ အကြီးအကျယ်ညှဉ်းပန်းနှိပ်စက်မှုများနှင့် မီးရှို့မှုများကို ကျူးလွန်ခဲ့ကြောင်း၊ ယင်းရာဇဝတ်မှုများကြောင့် လူပေါင်း ၃ သန်းကျော်သည် ယခုအခါ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်သည့်လုပ်ရပ်များဖြစ်သည်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ)နှင့် အာဂျင်တီးနားရှိ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး ရှေ့မှောက်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနှင့် သားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် တရားစွဲဆိုခံထားရသည့် စစ်တပ်ကပင် ကျူးလွန်နေခြင်း ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

အစိုးရနှင့် လွှတ်တော်တို့မှ ကျန်ရှိသော ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲရလဒ်များမှ ရရှိလာသည့် လုပ်ပိုင်ခွင့်များအပေါ် အခြေခံ၍ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့ကြောင့် အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများ အပါအဝင် နိုင်ငံတကာ ကဏ္ဍအားလုံးတွင် မြန်မာပြည်သူများအား ကိုယ်စားပြုရန် သင့်လျော်သည်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖြစ်ပြီး အကယ်၍ ၎င်းတို့နှင့် ဆက်ဆံရေး မတည်ဆောက်ရသေးပါက လူကြီးမင်းတို့အနေဖြင့် တရားဝင် သံတမန်ဆက်ဆံရေး ထူးထောင်ရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ NUG ကို ၎င်းတို့၏ တရားဝင် ဝဘ်ဆိုဒ်မှ တဆင့် ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံအများအပြားသည် အာဆီယံ အစည်း အဝေးများနှင့် အခမ်းအနားများတွင် စစ်အုပ်စု ကိုယ်စားလှယ်များ ပါဝင်မှုအပေါ် ဆန့်ကျင်ကြသည် သို့မဟုတ် အနိမ့်ဆုံးအနေဖြင့် အလွန်စိုးရိမ်ပူပန်ကြသည်မှာ ထင်ရှားပြီး အာဆီယံသည် ယခင်နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် ထိပ်သီးဆွေးနွေးပွဲများတွင် စစ်အုပ်စုအား ဖယ်ကြဉ်ခဲ့ပြီး ၂ဝ၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ကို မြန်မာနိုင်ငံအား ပေးအပ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ ထို့ပြင် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) တွင်လည်း စစ်အုပ်စုကိုယ်စားလှယ် မြထွန်းဦးကို ပါဝင်တက်ရောက်ခွင့် မပြုခဲ့ကြောင်း၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် စစ်အုပ်စု လက်ခံကျင်းပသည့် လေတပ်စစ်ဦးစီးချုပ်များညီလာခံကို သပိတ်မှောက်ခဲ့ကြကြောင်း၊ စင်ကာပူနိုင်ငံကလည်း ၂ဝ၂၃ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာစစ်အုပ်စုနှင့် ရုရှားနိုင်ငံတို့ လက်ခံကျင်းပခဲ့သည့် ADMM-Plus အကြမ်းဖက်မှုတန်ပြန်နှိမ်နှင်းရေးသင်တန်းများကို သပိတ်မှောက်ခဲ့ကြောင်း၊ ထိုလုပ်ရပ်အားလုံးကို မြန်မာပြည်သူများက ကြိုဆိုအသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

အာဆီယံအနေဖြင့် လေးနက်သည့် ရှေ့ဆက် လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် အရေးတကြီး လိုအပ်ပြီး အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများမှ စစ်အုပ်စုအား ဖယ်ထုတ်ရန်နှင့် မြန်မာပြည်သူများကိုယ်စား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသော အစိုးရမှ ကိုယ်စားပြုခွင့်ပေးရန် လိုအပ်ကြောင်း၊ ဤသို့လုပ်ဆောင်ချက်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စစ်အုပ်စုအား မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် မပြုသည့် ဆုံးဖြတ်ချက်နှင့် ကိုက်ညီပြီး ယခုတောင်းဆိုချက်သည် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တင်ပြခဲ့သည့် စိုးရိမ်ပူပန်မှုများကိုလည်း ပဲ့တင်ထပ်စေကာ ၎င်းသည် အာဆီယံ အစည်းအဝေးများတွင် မြန်မာစစ်အုပ်စု၏ ဝန်ထမ်းများအား တက်ရောက်ခွင့်မပြုရန် အကြံပြုထားကြောင်း၊ ထို့ပြင် “စစ်အုပ်စု ဝန်ထမ်းများကို ဖိတ်ကြားခြင်းကို ပြန်လည် မရုတ်သိမ်းပါက အစည်းအဝေးမတက်ရောက်ကြရန်” အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုထားကြောင်း၊ ထို့ပြင် အထူးကိုယ်စားလှယ်က “လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် မြန်မာပြည်သူများ၏ဆန္ဒကို ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီ၏ တရားဝင် အစိုးရဖြစ်ကြောင်း မှာယွင်းသောအဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်” တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်ရှိအခြေအနေ၊ သတင်းအချက်အလက်များကို သိရှိရန်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ ကိုယ်စားပြုသူများနှင့် တရားမဝင် စစ်အုပ်စု ကိုယ်စားလှယ်များအား ခွဲခြားသိရှိနိုင်ရန်ဖြစ်စေ အကူအညီလိုအပ်ပါက ကူညီဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ အသင့်ရှိနေကြောင်း၊ လူကြီးမင်း၏ တုံ့ပြန်မှုကို စောင့်မျှော်လျက်ရှိပြီး လူကြီးမင်းတို့၏ လုပ်ရပ်များသည် မြန်မာပြည်သူလူထုကို ထောက်ခံခြင်းလား သို့မဟုတ် ရက်စက်ပြီး တရားမဝင်သော စစ်အုပ်စုကို ထောက်ခံခြင်းလား ကျွန်ုပ်တို့ ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အိတ်ဖွင့်ထားစာတွင်ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article