ရန်ကုန်| ဇူလိုင် ၂၉
ရခိုင်ပြည်နှင့် အခြားနေရာဒေသများတွင် မြန်မာစစ်ကောင်စီ၏ တရားမဝင် အတင်းအကျပ်စစ်မှုထမ်းခေါ်ဆောင်ခြင်းများကို ရပ်တန့်ရမည်ဖြစ်ကြောင်း Fortify Rights အဖွဲ့က ဇူလိုင်လ ၂၆ ရက်တွင် တောင်းဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်တွင် လှုပ်ရှားသော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ရိုဟင်ဂျာ ဒုက္ခသည်များအား အတင်းအကျပ်ဖမ်းဆီး ခေါ်ဆောင်နေခြင်းကိုလည်း ရပ်တန့်တားဆီးသင့်သည်ဟု ဆိုသည်။
Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်များကို အတင်းအကျပ်ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပို့ဆောင်နေကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ရိုဟင်ဂျာဒုက္ခသည်များမှာ စစ်ကောင်စီထံ အတင်း အကျပ်စစ်မှုထမ်းနေရ၍ ယင်းလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုနှင့် လူကုန်ကူးမှု မြောက်သည်ဟု Fortify Rights က ဆိုသည်။
Fortify Rights မှ Human Rights Associate ဖြစ်သူ Ejaz Min Khant က ” မြန်မာစစ်ကောင်စီက ကျူးလွန်လျက်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ် မြောက်လာတဲ့ ရိုဟင်ဂျာတွေဟာ အခုဆိုရင် သူတို့အပေါ် ရက်စက်ကြမ်း ကြုတ်မှုတွေ ကျူးလွန်ထားတာတွေအတွက် အဓိက တာဝန်ရှိသူတွေရဲ့ စစ်မှုထမ်းတပ်သားအဖြစ် ပါဝင်ဖို့ အတင်းအကျပ် ခိုင်းစေခံနေရပါတယ်။ ” ဟု ပြောသည်။
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ယုံကြည်ရသော လက်နက်ကိုင်အမျိုးသားများက ဒုက္ခသည် စခန်းတစ်ခုမှ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်ဟု အသက် ၁၇ နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည် လူငယ်တစ်ဦးက ပြောသည်။
“သူတို့က ကျွန်တော့်ကို သေနတ်နဲ့ ချိန်၊ မျက်စိကို အဝတ်နဲ့ ပိတ်စည်းပြီး လက်တွေ၊ ခြေတွေကို ကြိုးနဲ့ချည်ပြီး အဲဒီကနေ ဖမ်းခေါ်သွားကြတယ်။ ပြီးတော့ ကျွန်တော့်ကို မြန်မာနိုင်ငံကို ခေါ်လာတယ်။ ” ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာဒုက္ခသည်များကို အကာအကွယ်ပေးရန် လိုအပ်သလို တကမ္ဘာလုံးကလည်း ဦးစားပေးအဆင့် သတ်မှတ်ရန် လိုအပ်ကြောင်း Fortify Rights အဖွဲ့က ဆိုသည်။
Ejaz Min Khant က “ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ဘေးကင်းလုံခြုံမှုရှိနေရမယ့် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို အတင်းအကြပ် စစ်မှုထမ်းစေခြင်းကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ” ဟု ပြောသည်။
ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ် စခန်းများတွင်ရှိသော ရိုဟင်ဂျာများ၏ အခွင့် အရေးနှင့် လုံခြုံရေးကို အကာအကွယ်ပေးရေးမှာ တစ်ကမ္ဘာလုံး ဆိုင်ရာ ဦးစားပေး ဖြစ်သင့်ကြောင်း Fortify Rights အဖွဲ့က တောင်းဆိုထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ၏ အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရသည့်ရိုဟင်ဂျာတစ်ချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar