ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်များရှိသည့် ဘုန်းကြီးကျောင်းတစ်ကျောင်းမှ စစ်ရှောင်ပြည်သူများကို ခေါင်းအုံးများလှူဒါန်း
ရန်ကုန်၊ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်များရှိသည့် ဘုန်းကြီးကျောင်းတစ်ကျောင်းမှ စစ်ရှောင်ပြည်သူများကို 5/ဆလကလူထုသပိတ်စစ်ကြောင်းက အလှူရှင်ကိုယ်စား ခေါင်းအုံးများကို ပေးဝေလှူဒါန်းခဲ့ပြီး သံဃာတော်များကိုလည်း စောင်များဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၃၀ ရက်နေ့တွင် စစ်ရှောင်စခန်းရှိရာသို့ သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဘုန်းကြီးကျောင်းရှိ စစ်ရှောင်ပြည်သူများသည် ၂၀၂၃ ခုနှစ်ကတည်းက စစ်ဘေးရှောင်နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“လူဦးရေက ရာကျော်မယ် စားနပ်ရိက္ခာလိုအပ်မှုရှိတယ်။ မနှစ်က ညောင်ပင်ကြီး ရွာရှည် ကျေးရွာ အုပ်စုကြီးနှစ်စုရှိ ကျေးရွာနေအိမ်တော်တော်များများကို စစ်ကောင်စီ တပ်တွေက မီးရှို့ထားလို့ နေရပ်မပြန်နိုင်ကြတော့တာ။ စစ်ရှောင်တွေက ဘုန်းကြီးကျောင်းတချို့မှာနေနေရတာ စစ်ရှောင်နေရာများတယ်။ စစ်ရှောင်တစ်နေရာကိုရာကျော်နဲ့ ရာကျော်နီးနီးပြောတာနော်” ဟု 5/ဆလကလူထုသပိတ်စစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။