■ ပို့ကုန်ကုမ္ပဏီ ၁၂ ခုကို လာမည့် ၂ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၂ သန်း စစ်ကောင်စီထံ ချက်ချင်း အပ်နှံရန် ခြိမ်းခြောက်စာ ထုတ်
ရန်ကုန်၊ ဩဂုတ် ၂
အမေရိကန်ဒေါ်လာ ပြတ်လပ် အသည်းအသန် လိုအပ်သော စစ်ကောင်စီက ပို့ကုန်ရငွေ နိုင်ငံခြားငွေ ဒေါ်လာများ မအပ်နှံသည့် ကုမ္ပဏီ ၁၀၇ ခုကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်များနှင့် လိုင်စင်များကို ဖျက်သိမ်းပြီး ကုမ္ပဏီပိုင်ရှင်များကို ဖမ်းဆီးအမှုဖွင့်ခြင်း၊ ထွက်ပြေးတိမ်းရှောင်သည့် လုပ်ငန်းရှင်များ၏ နိုင်ငံကူးလက်မှတ်များကို ဖျက်သိမ်းခြင်းများဖြင့် အရေးယူလိုက် ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ဧပြီလနှင့် မေလအတွင်း ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ များကို စစ်ကောင်စီထံ အပ်နှံခြင်းမရှိသေးသည့် ကုမ္ပဏီ ၄၀၉ ခု ရှိကြောင်း၊ ယင်းတို့အနက်မှ ကုန်သွယ် ရေးဦးစီးဌာနတွင် အစည်းအဝေး တက်ရောက်သည့် ကုမ္ပဏီ ၁၆ ခု၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်မှုများ မှန်ကန် မြန်ဆန်ရေး လုပ်ငန်းကော်မတီ(ရန်ကုန်၊ မန္တလေး) တို့တွင် အစည်းအဝေး တက်ရောက် သည့် ကုမ္ပဏီ ၁၇၆ ခု၊ သီလဝါအထူးစီးပွားရေးဇုန် တွင် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီ ၁ ခု၊ ပို့ကုန်ရငွေများ ပြန်လည် အပ်နှံပြီး စာရင်းရှင်းလင်းရန်ကျန်ရှိနေသည့် ကုမ္ပဏီ ၈ ခု၊ Barter System ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီ ၁ ခု၊ ဇူလိုင်လ ၂၆ ရက်နေ့အထိ ပို့ကုန်ရငွေ စာရင်း ရှင်းလင်း ပြီးသည့် ကုမ္ပဏီ ၁၀၀ ခု ကို အရေးယူမှု တစ်စုံတစ်ရာ မလုပ်ကြောင်း၊ ကျန် ကုမ္ပဏီ ၁၀၇ ခုတို့ကိုမူ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်များကို ဇူလိုင် ၂၉ ရက်နေ့တွင် ပိတ်သိမ်း အရေးယူလိုက်ကြောင်း သိရှိရသည်။
“အခု နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ အရမ်းလိုနေတဲ့အတွက် ပို့ကုန်ရငွေ တင်ပို့တဲ့ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာတွေ အမြန်ပေးသွင်းဖို့၊ မသွင်းနိုင်တဲ့ကုမ္ပဏီတွေကို လိုင်စင်ပိတ်တယ်၊ ကုမ္ပဏီပိုင်ရှင်တွေကို စသုံးလုံးကနေ အမှု ဖွင့်တာ၊ အဖမ်းမခံဘဲ ထွက်ပြေးတဲ့ ကုမ္ပဏီ ပိုင်ရှင်တွေကို နိုင်ငံခြားသွားလာခွင့် ပိတ်တာတွေ လုပ်ဆောင်နေပါတယ်” ဟု နေပြည်တော်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ပို့ကုန်သွင်းကုန် ကုမ္ပဏီ ၁၂ ခုကိုလည်း လာမည့် ၂ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၂ သန်း ချက်ချင်း စစ်ကောင်စီထံပေးရန် ညွှန်ကြားကြောင်း သိရှိရသည်။
သီတင်း ၂ ပတ်အတွင်း စစ်ကောင်စီထံသို့ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၂ သန်းပေးသွင်းရမည့် ကုမ္ပဏီ ၁၂ ခုနှင့် စစ်ကောင်စီထံ အပ်နှံရမည့် အမေရိကန်ဒေါ်လာပမာဏ အရေအတွက်မှာ
၁- ZK ZN Trading ကုမ္ပဏီ က အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၉၉ သန်း
၂- Eight Golden Horses ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂၂၃,၇၄၀
၃-Royal Lucky Dragon ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၇၃,၄၅၀
၄-Twin Brother Seafood Cold Storage ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၈၁,၉၂၄
၅-SPMT FISH & AGRO EXPORT ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၉၀,၃၀၅ ဒသမ ၆၀
၆-GUANHUA FISHINGNET & PLASTIC MANUFACTURING ကုမ္ပဏီက ဒေါ်လာ ၆၄,၈၀၀
၇-GPS Joint Venture ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၅၇၆,၀၈၈
၈-SULUB BLOSSOMS ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၆၇၁,၁၂၅
၉-Prince Manufacturing ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈၆,၆၀၀
၁၀-Tun Dhana Pyae Sone ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈၇,၆၁၅
၁၁- The Alps Trading ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၃ သန်း
၁၂-Dicey Corporation Limited ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၄၃,၉၆၈ ဒသ ၉၇ ကိုလည်း ကောင်း စစ်ကောင်စီထံ အသီးသီး ပေးသွင်းရမည်ဖြစ် ကြောင်း သိရှိရသည်။
ပို့ကုန်သွင်းကုန် ကုမ္ပဏီ ၁၂ ခုအနေဖြင့် ၂ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၂ သန်းကို စစ်ကောင်စီထံ မပေးသွင်းပါက ကုမ္ပဏီလိုင်စင်ရုပ်သိမ်းခြင်း၊ ပိုင်ရှင်များကို အမှုဖွင့်ခြင်း၊ ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခြင်း၊ ကုမ္ပဏီ ပိုင်ရှင်များ၏ နိုင်ငံကူးလက်မှတ်များကို ဖျက်သိမ်း၍ နိုင်ငံခြားသွားလာခွင့်ပိတ်ပင်ခြင်း အစရှိသည့် အရေးယူမှုများကို စစ်ကောင်စီက ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။
ကုမ္ပဏီ ၁၂ ခုအနေဖြင့် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို စစ်ကောင်စီထံ အချိန်မီ အပ်နှံပါက စစ်ကောင်စီက ၎င်းကုမ္ပဏီ ၁၂ ခုကို ဗဟိုဘဏ် သတ်မှတ် ငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် တွက်ချက်၍ မြန်မာကျပ်ငွေများ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar