နောင်ချိုနှင့် ပြင်ဦးလွင် နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ကျေးရွာများကို လိုက်လံ ပစ်ခတ်နေ
ရန်ကုန်၊ ဩဂုတ် ၂
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ် အစပ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ကျေးရွာများကို လိုက်လံ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင် မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က သဲကော်နှင့် ဘန်ဘွေး ကျေးရွာများဘက်ကို လေကြောင်းဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
“နောင်ချိုနဲ့ ပြင်ဦး အစပ်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်တပ်က လေကြောင်းနဲ့ ကျေးရွာတွေကို ပတ်ပစ်နေတယ်။ အခုထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။