နိုင်ငံတစ်ဝန်းတွင် MNDAA ဆန့်ကျင်ရေး ဆန္ဒပြပွဲများ တစ်ပြိုင်နက်တည်း လုပ်ရန် စစ်ကောင်စီက အမိန့်ထုတ်၊ ရန်ကုန်တွင် MNDAA ကို ဆန္ဒပြရန်အတွက် လိုင်းကား ၉၁ စီးကို စစ်ကောင်စီက ချောဆွဲပြီး CNG ဦးစားပေး ဖြည့် တင်း ပေးရန် ညတွင်းချင်း စာထုတ် အကြောင်းကြား
ရန်ကုန်၊ ဩဂုတ် ၅
ရန်ကုန်တွင် MNDAA ကို ဆန္ဒပြရန်အတွက် လိုင်းကား ၉၁ စီးကို စစ်ကောင်စီက ချောဆွဲပြီး CNG ဖြည့်တင်းပေးရန် ညတွင်းချင်း စာထုတ် အကြောင်းကြားလိုက်ကြောင်း သိရှိရသည်။
ဩဂုတ်လ ၆ ရက်နေ့ ရန်ကုန်တွင် MNDAA ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ကျင်း ပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ပွဲသို့ တက်ရောက်ရန် YBS ၉၁ စီးကို ချောဆွဲကြောင်း၊ အဆိုပါ YBS ၉၁ စီးကို CNG များ ဦးစားပေး ထုတ်ပေးရန် ရန်ကုန်တိုင်းစစ်ကောင်စီက စာထုတ်၍ အကြောင်းကြားကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီက ဩဂုတ်လ ၆ ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် MNDAA ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို မဘသများ၊ အမျိုးသားရေးသမားများနှင့် Non-CDM ဝန်ထမ်းများ အပါအဝင် လူများ စုဆောင်း၍ ပြုလုပ်ရန် ညွှန်ကြားချက်တစ်ရပ်ကို ယနေ့ ထုတ်ပြန်ကြောင်း သိရှိရသည်။
“ရန်ကုန်ကတော့ မနက်ဖြန်ဖြစ်မယ်။ တစ်နိုင်ငံလုံး MNDAA ဆန့်ကျင်ပွဲတွေ လုပ်ဖို့ ညွှန်ကြားချက်တွေ ထွက်ရှိထားပါတယ်။ တိုင်း/ပြည်နယ်စစ်ကောင်စီနဲ့ စရဖ(စစ်ထောက်လှမ်းရေး)တွေက ဦးစီးပြီး လုပ်ရမှာ” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။
ဩဂုတ်လ ၃ ရက်နေ့တွင် MNDAA က လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုင်းမှူးဟောင်း အပါအဝင် ထိပ်တန်း စစ်အရာရှိကြီးများကို ဖမ်းဆီးလိုက်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီမှာ အထိနာပြီး သိက္ခာ အကြီးအကျယ် ကျဆင်းလာချိန်တွင် ယင်းကဲ့သို့ အခကြေးငွေပေး၍ ဆန္ဒပြခိုင်းသည့် စနစ်ဟောင်းဖြင့် MNDAA ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။