မုံရွာမြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၁၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်တွင် မုံရွာမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ မအူစစ်ဆေးရေးဂိတ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးရှိ လင်းပိုးရွာနှင့် လင်းပင်ဝရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၉ ဦး လက်နက်ကြီး ကျည်စ ထိမှန်ကာ ပြည်သူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်စ ထိမှန် သေဆုံးသူ ၂ ဦးမှာ ထန်းလေးပင်ရွာတွင် နေထိုင်သော အသက် ၆၇ နှစ်အရွယ် မစောဌေး နှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်တူး တို့ဖြစ်ကြောင်း သိရှိရသည်။
မုံရွာမြို့ တောင်ဘက်နယ် (မုံရွာ-အမြင့်လမ်းနယ်) ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က နေ့စဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ပြည်သူ အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၇၃ တပ်ရင်းက ဩဂုတ်လ ၉ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီး ၃ လုံး ပစ်ခတ်ရာ ကျောက်ကြီးပေါက်ကျေးရွာကို ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။