တောင်သာ-ကျောက်ပန်းတောင်း လမ်းပိုင်းတွင် အထိုင်ချ တပ်စွဲထားသော စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၁၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာ-ကျောက်ပန်းတောင်း လမ်းပိုင်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ဝဲလောင်ရွာအနီး လျှပ်စစ် ဓာတ်အားခွဲရုံ စောင့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ တောင်သာ-ကျောက်ပန်းတောင်း လမ်းပိုင်း စိုးမိုးရေးအတွက် အထိုင်ချတပ်စွဲထားသော စစ်စခန်းငယ်တစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားပြီး ၄ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G-2 သေနတ် ၁ လက်၊ M-1 ကာဘိုင် ၁ လက် ၊ ပွိုင့်၂၂ ၁ လက် ၊ G3 ကျည် ၃၂၉ တောင့် ၊ ကာဘိုင်ကျည် ၈၀ တောင့် ၊ အီနာဂါ ၂ လုံး ၊ ပွိုင့်၂၂ ကျည် ၁ တောင့် ၊ ဖုန်း ၂ လုံး ၊ ဆိုင်ကယ် ၂ စီး ၊ လက်ပစ်ဗုံး ၂ လုံး နှင့် Icon ၁ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ,ကဖ) မြင်းခြံခရိုင်တပ်ရင်း၉ ၊ နေပြည်တော်တပ်ရင်း ၈၀၁ ၊ တောင်သာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။