မင်းတပ်၊ ထီးလင်း နှင့် ဂန့်ဂေါတို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင် မိခင် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံး၊ ပြည်သူများ ထွက်ပြေးနေရ
ရန်ကုန်၊ ဩဂုတ် ၁၂
ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက ၁၂၀ မမ လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် သြဂုတ်လ ၉ ရက်နေ့ ညနေပိုင်း မင်းတပ်မြို့အရှေ့ဘက်မှာ တောင်ယာလုပ်နေတဲ့ ကိုယ်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သမီးဖြစ်သူ ၅ နှစ်အရွယ်ကလေးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
သေဆုံးသူအမျိုးသမီးဟာ မင်းတပ်မြို့နယ် စံကျေးရွာမှာစစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ပြီး ဝဥခင်းကိုသွားရောက်ရာမှာ လက် နက်ကြီးထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ၅ နှစ်အရွယ်သမီးဖြစ်သူကတော့ လက်ကိုထိမှန်ပြီး ဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က သြဂုတ် ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ဘက်ရှိ ကျေးရွာတစ်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်စာသင်ကျောင်းနှင့်နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
အလားတူ မကွေးတိုင်း၊ယောဒေသ၊ထီးလင်းနယ်နဲ့ဂန့်ဂေါနယ်တွေမှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကျဲ ပစ်ခတ်မှုတွေကို မနေ့ သြဂုတ်လ ၁၁ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ထီးလင်းနယ်မှာတော့ လူထိခိုက်တာမရှိဘူး။ ကျောက ဝါးပင်ရွာက နေအိမ်တစ်လုံးပေါ်ကို တည့်တည့်မှန်လို့ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေသွားတယ်” လို့ ထီးလင်းဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ထီးလင်းမြို့နယ်ထဲကို ရေပုတ်ရွာနဲ့ရှဲရွာကြား ဒေသအခေါ် ငါးဒလင်လမ်းကွဲနားကို တိုက်လေယာဉ်နဲ့ ဗုံးသုံးလုံးကျဲချခဲ့ရာမှာ နှစ်လုံးပေါက် ကွဲခဲ့ပြီး ကျန်တစ်လုံးကတော့ ပေါက်ကွဲမှုမရှိဘူးလို့သိရပါတယ်။
ထီးလင်းနယ် ရေမျက်နီကျေးရွာနဲ့ ဂန့်ဂေါနယ် ညောင်လယ်ရွာကြားက ဒေသအခေါ် ဖန်းခါးတံတားနားက ချောင်းထဲကိုလည်း လေယာဉ်က ကျဲချတဲ့ ဗုံးတစ်လုံးကျရောက်ပေါက် ကွဲခဲ့သေးတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဟာ မကွေးတိုင်း၊ယောဒသကပြည်သူတွေကို ခုရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေပြုလုပ်နေပြီး မနေ့က ထီးလင်းနယ်နဲ့ ဂန့်ဂေါနယ်တွေကို လေကြောင်းတိုင်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် သြဂုတ်လ ၉ ရက်နေ့ကလည်း ဂန့်ဂေါမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က လက် နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက လာပို့၊ ရွာဇယ်၊ စိုင်ဒူးကျေးရွာက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ထို့အတူပါပဲ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ပေါ် မှာရှိတဲ့ ခလရ ၅၀ တပ်က လက် နက် ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက စိုင်ဒူး၊ ရွာဇယ်၊ လာပို့ ကျေးရွာက ပြည်သူတွေဟာ ရွာကို စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
” ညရှစ်နာရီကျော်ကတည်းကထုတာ။ လပို့ရွာထဲ၊ ရွာစပ်တွေကို လက်နက်ကြီးကျည် ငါးလုံးကျတယ်” လို့ ဂန့်ဂေါမြောက်ပိုင်းဒေသခံတစ်ဦးကပြောပါတယ်။
အခုရက်ပိုင်းအတွင်း ဂန့်ဂေါ ခလရ ၅၀ စစ်ကောင်စီတပ်က အနီးအနားကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်လေ့ရှိပြီး ခုရက်ပိုင်းအတွင်းမှာ ပစ်ခတ်မှုအကြိမ်ရေပိုများလာတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ဂန့်ဂေါမြို့ပေါ်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဂန့်ဂေါမြို့နယ်မှာ မြို့ပေါ်ကလွဲပြီး ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထားတာပါ။
မြို့ပေါ်မှာသာနေနေရတဲ့ စစ်ကောင်စီတပ်ဟာ တပ်ထဲကနေ အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် ပြည်သူတွေသတိထားကြဖို့ တော်လှန်ရေးအင်အားစုတွေက နိူးဆော်ထားပါတယ်။
ဓာတ်ပုံ- ၂၀၂၂ စက်တင်ဘာလက စစ်ကောင်စီက လာပို့ကျေးရွာကို မီးရှိူ့ဖျက်ဆီးစဥ်။ (ပုံအဟောင်းဖြစ်ပါသည်။)