ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ ရဲကင်းစခန်းမှ စစ်ကောင်စီ တပ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀၀ နှင့် ဆိုင်ကယ်ကို လုယူသွား
ရန်ကုန်၊ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ ရဲကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀၀ နှင့် ဆိုင်ကယ်ကို လုယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၃ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ရဲကင်းရဲစခန်း၌ တပ်စွဲ နေထိုင်သော အကြမ်းဖက် စစ်သားများက ဆိုင်ကယ် စီးလာသည့် ခရီးသွား အမျိုးသား ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀၀ ၊ ခရီးဆောင်အိပ် ၁ လုံးနှင့် ကလစ် ဆိုင်ကယ် ၁ စီးကို လုယူ ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးသွား ပြည်သူ ၂ ဦးသည် ကောလင်းမြို့နယ်မှဖြစ်ပြီး ရွှေဘိုမှ မုံရွာဘက်သို့အသွား ရွှေဘို-ဆိပ်ခွန်-မုံရွာ လမ်းဘေးရှိ ဆိပ်ခွန်ရွာ ရဲစခန်းရှေ့မှ ဖြတ်သွားစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သေနတ်ထောက်၍ ဖမ်ဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ငွေနှင့် ဆိုင်ကယ်ကို လုယူခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူ တစ်ဦးကရှင်းပြသည်။
“ဆိုင်ကယ် ၂ ဦး စီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ခိုင်းတာ ဆိုယ်ကယ်ဘောက်ဖွင့်ခိုင်းလို့ ဖွင့်ပေးလိုက်တာနဲ့ ငွေတွေလည်းမြင်ရော သေနတ်နဲ့ပါထောက်ပြီး ပစ္စည်းတွေထားခဲ့ မင်းတို့ပြေးကြတော့ဆိုပြီးပြေးခိုင်းတာ ထွက်ပြေးသွားတဲ့ ပြည်သူ ၂ ဦးကတော့ လွတ်မြောက်လာတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ ရဲကင်းရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီးမုံရွာသွားသည့် လမ်းဘေးတွင်တည်ရှိပြီး မြို့နယ်ပေါင်းများစွာမှ တစ်ရက်လျှင် ကားအစီရေး ထောင်ချီဖြတ်သွားနေပြီ ကားများထံမှ ကောက်ခံရရှိသည် ငွေ သိန်းရာချီကျော်ကို အကြမ်းဖက် စစ်တပ်အတွက် ရှာဖွေပေးနေသူများဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။
ယင်းရဲကင်းစခန်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၂၀၂၂ ခုနှစ် ၂ လပိုင်းမှ စတင်တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး ၂ နှစ်ခွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဆိပ်ခွန်ရွာမှ အရပ်သားပြည်သူ ၂၀ ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရကာ စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃ လုံးနှင့် စာသင်ကျောင်းတို့ ပျက်စီးပြီး မတရား ဖမ်းဆီးထောင်ချခံရသော ပြည်သူ ၂၅ ဦးရှိကြောင်း သိရသည်။
Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)