မြင်းမူမြို့မ ရဲစခန်းနှင့် အထက ၁ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၆
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မ ရဲစခန်းနှင့် အထက ၁ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း True Fighter အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်တွင် မြင်းမူမြို့မ ရဲစခန်းအတွင်းမှ ဘန်ကာအတွင်းတွင် အသင့်စောင့်ဆိုင်းနေသော စစ်သားနှင့် ရဲ ၅ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၇ မိနစ်ခန့်တွင် မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း အရက်ဝိုင်း ပြင်ဆင်ရန် စီစဥ်နေသော စစ်သား ၅ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို TRUE Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။