27 C
Yangon

ဒီပဲယင်းမြို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းဖြင့် အကြိမ် ၂၀ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လေယာဉ်ဖြင့် ရိက္ခာ ခဲယမ်းများ ကျဲချနေ၊ သောင်းနှင့်ချီသော ပြည်သူများ စစ်ရှောင်နေရ

Must read

ဒီပဲယင်းမြို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းဖြင့် အကြိမ် ၂၀ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လေယာဉ်ဖြင့် ရိက္ခာ ခဲယမ်းများ ကျဲချနေ၊ သောင်းနှင့်ချီသော ပြည်သူများ စစ်ရှောင်နေရ

ရန်ကုန်၊ ဩဂုတ် ၁၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နှင့် အနီးဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အကြိမ် ၂၀ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လေယာဉ်ဖြင့် ရိက္ခာ ခဲယမ်းများ ပစ်ချနေကာ သောင်းနှင့်ချီသော ပြည်သူများ စစ်ရှောင်နေရကြောင်း ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် ဒီပဲယင်းမြို့နှင့် အနီးဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က နံနက် ၇ နာရီ ၃၅ မိနစ်၊ ၈ နာရီ ၅၇ မိနစ်နှင့် ၉ နာရီခန့်တွင် Yak-130 ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၉ နာရီ ၄၇ မိနစ်၊ ၄၉ မိနစ်နှင့် ၅၂ မိနစ်ခန့်တွင် မုံရွာ နမခ မှ တက်လာသော Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ပြီးနောက် ရွှေဘို လေ့ကျင့်ရေး ၈ သို့ ဆင်းသက်ခဲ့ကြောင်း သိရသည်။

အလားတူ အကြမ်းဖက် စစ်တပ်၏ Y-12 ဗုံးကျဲလေယာဥ်က ဒီပဲယင်းမြို့ပတ်ချာလည်ကိုပဲ နံနက် ၁၀ နာရီ ၁၈ မိနစ်၊ ၂၄ မိနစ်၊ ၃၀ မိနစ်၊ ၄၈ မိနစ်၊ ၅၁ မိနစ်နှင့် ၁၁ နာရီ ၄ မိနစ်၊ ၅ မိနစ်၊ ၁၁ မိနစ်၊ ၁၆ မိနစ်၊ ၂၅ မိနစ်တို့တွင် လေကြောင်းဖြင့် ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ရွှေဘိုလေ့ကျင့်ရေး ၈ မှ လက်နက်ခဲယမ်း ဖြည့်တင်းပြီး ပျံတက်လာတဲ့ Mi-35 ရဟတ်ယာဉ်က မွန်းလွဲ ၁ နာရီ ၂၂ မိနစ်နှင့် ၂၄ မိနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ၃ နာရီခန့်တွင် Mi-35 ရဟတ်ယာဉ်ဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်ကလည်း ယနေ့ နံနက် အစောပိုင်းကလည်း ဒီပဲယင်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို ရိက္ခာနှင့် ခဲယမ်းများ ကျဲချ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“နံနက် အစောပိုင်းကလာတဲ့ Y-12 က ရိက္ခာနဲ့ ခဲယမ်းတွေပဲချတာ ဗုံးမကျဲဘူး။ ဒီပဲယင်းမြို့ပေါ်က စစ်ခွေးတွေရှိမယ့် နေရာကို ခန့်မှန်းပြီး ချသွားတယ်လို့ သိရတယ်။ စစ်ခွေးတွေ ရမရ အတည်မပြုနိုင်သေးဘူး။ စုစုပေါင်း ဒီနေ့တစ်ရက်ထဲ ၂၀ ကြိမ် လေကြောင်းတိုက်ခိုက်ထားတယ်။ ၁၅ ရက်နေ့က ရေဦးကနေ ထွက်လာတဲ့ စစ်ကြောင်းကလည်း ဒီပဲယင်းမြို့ကို မဝင်နိုင်ဘဲ မြေပြင်မှာ အထိနာပြီး အခုလက်ရှိ နောက်ကြောင်းပြန်ခေါက်နေတယ်။ ရေဦးအနောက်ခြမ်း အောင်သာရွာအနီးမှာပဲ စစ်ကြောင်းက ရှိနေသေးတယ်။ ပြည်သူ ၁ သောင်းကျော်ကတော့ ၃ ရက်မြောက်ရှိပြီ လေကြောင်းပစ်ခတ်နေတာတွေကြောင့် ဆက်လက်တိမ်းရှောင်နေကြရတုန်းပဲ” ဟု ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။

လက်ရှိချိန်ထိ ဒီပဲယင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်၏ Y-12 ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေပြီး လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်နိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article