30 C
Yangon

မောင်တောမြို့သိမ်းတိုက်ပွဲအဖြစ် တပ်စခန်းများကို ဆက်တိုက် သိမ်းယူနေပြီး ပြည်သူ ၂၀၀၀၀ နီးပါးကို ကယ်တင်ထားဟု AA ပြော

Must read

မောင်တောမြို့သိမ်းတိုက်ပွဲအဖြစ် တပ်စခန်းများကို ဆက်တိုက် သိမ်းယူနေပြီး ပြည်သူ ၂၀၀၀၀ နီးပါးကို ကယ်တင်ထားဟု AA ပြော

ရန်ကုန်၊ ဩဂုတ် ၁၈

ရခိုင်ပြည်တွင် မောင်တောမြို့သိမ်းတိုက်ပွဲအဖြစ် စစ်တပ်စခန်းများကို AA က ဆက်တိုက်သိမ်းယူနေပြီး ပြည်သူ ၂၀၀၀၀ နီးပါးကို ကယ်တင်ထားနိုင်ပြီဖြစ် ကြောင်း AA က သတင်းထုတ်ပြန်သည်။

အာရက္ခတပ်တော်က မောင်တောမြို့ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သော်လည်း မောင်တောမြို့၏ မြောက်ဘက်ရှိ “ဟော်ရီတူလာရွာ” နှင့် တောင်ဘက်ရှိ “မောင်နီရွာ” တို့တွင် တပ်စွဲစခန်းချထားသော စစ်ကောင်စီ၏ စစ်စခန်းနှစ်ခုကို သြဂုတ်လ ၄ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မောင်တောမြို့သိမ်းတိုက်ပွဲအဖြစ် စတင်ခဲ့ကြောင်း၊ မောင်နီရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကိုလည်း ဩဂုတ်လ ၄ ရက်နေ့တွင်ပင် သိမ်းပိုက်ရရှိခဲ့ပြီး ဟော်ရီတူလာရွာရှိ စစ်ကောင်စီ၏စခန်း သြဂုတ် ၆ ရက်နေ့တွင် သိမ်း ပိုက်ရယူနိုင်ခဲ့ကြောင်း၊ ထို့အတူ မောင်တောမြို့၊ ၃ မိုင် ကိုလည်း ဇူလိုင်လ ၉ နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မောင်တောမြို့ကို နေရာအနှံ့မှ ဝန်းရံပိတ်ဆို့ပြီးနောက်တွင် မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုများကို AA က အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့သောကြောင့် သြဂုတ် ၄ ရက်နေ့နောက်ပိုင်းမှစ၍ မြို့တွင်းတိုက်ပွဲများမှာ ပိုမိုပြင်းထန် လာခဲ့ကြောင်း၊ ဤကဲ့သို့ မြို့တွင်းတိုက်ပွဲများ ကျယ်ပြန့်လာသောကြောင့် စစ်ကောင်စီ၏ လူ သားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော မောင်တောဒေသခံ ပြည်သူ ၂၀၀၀၀ နီးပါးကို အာရက္ခတပ်တော်မှ မြို့တွင်းတိုက်ပွဲများကြား၌ ကယ်ထုတ်ထားခဲ့ပြီးဖြစ်ကြောင်း၊ ကယ်ထုတ်လာနိုင်သော သူများထဲတွင် နိုင်ငံ တကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ကြောင်း၊ AA အနေဖြင့် မောင်တောမြို့အတွင်း ပိတ်မိနေသောသူများကို ဆက်လက်ကယ် တင်နိုင်ရန် တိုက်ပွဲများကြားထဲမှ ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည် နေ့တိုင်းဖြစ်ပွားလျက်ရှိပြီး အာရက္ခတပ်တော်အနေဖြင့် မောင်တောမြို့ထဲရှိ စစ်ကောင်စီတပ်များကို ချေမှုန်းထားနိုင်ပြီး စစ် တပ် စခန်းချတပ်စွဲထားသော နေရာအချို့ကို သိမ်းပိုက် ရရှိထားပြီး ဖြစ် ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ထဲရှိ စစ်တပ် တပ်စွဲထားသောနေရာများကို တစ်ခုပြီး တစ်ခု လိုက်လံရှင်းလင်းနေစဉ်အတွင်း ဩဂုတ် လ ၁၅ ရက်၊ ညနေ ၄ နာရီအချိန် မောင်တောမြို့၊ အမှတ် ၂ ရပ်ကွက်၊ အထက ၂ ကျောင်းအနီး အဆောက်အအုံတစ်ခု (လူနေအိမ်) တွင် စခန်းချနေရာယူထားသော စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဝင်များနှင့် AA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မိနစ်လေးဆယ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များကို ချေမှုန်းနိုင်ခဲ့သော်လည်း ၎င်းတို့စခန်းချ တပ်စွဲထားသော အဆောက်အအုံမှာ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ပျက်စီးမှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီလက် အောက်ခံ လက်နက်ကိုင်များက ထွက်ပြေးခြင်းမပြုမီ ၎င်းတို့စခန်းချတပ်စွဲထားသော အဆိုပါလူနေအိမ်အား မီးရှို့ ၍ ထွက်ပြေးသွားခဲ့ကြောင်း၊ မီးရှို့မှုကြောင့် ၎င်းနေအိမ်အပါအဝင် အခြားသောလူနေအိမ် ၅ လုံးပါ မီးလောင်ပျက်စီးခဲ့ရကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း မီးလောင်၍ သေဆုံးနေသော လက်နက်ကိုင် အလောင်း ၂ လောင်းနှင့် လက်နက်ခဲယမ်းအချို့တို့အား မီးလောင်နေသော အိမ်အတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့၌လည်း မောင်တောမြို့တွင်း၊ မောင်တောနာရီစင်နှင့် ၎င်းအနီး ပတ်ဝန်းကျင်၊ မောင်တောမြို့၏ အရှေ့တောင်ဘက်နှင့် မောင်တောမြို့အဝင် စသည့်နေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအမြောက်အမြား နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အာရက္ခတပ်တော်က မောင်တောမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲရန်အတွက် မောင်တောမြို့ခံ ပြည်သူလူထုများကို မောင်တောမြို့ထဲမှထွက်ခွာကြရန်ု ဇွန်လ ၁၆ ရက်နေ့ကတည်းကပင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မောင်တောဒေသခံများထဲတွင် မိမိတို့ ထုတ်ပြန်ချက်ကို လိုက်နာပြီး မြို့ထဲမှထွက်ခွာကြသူများ ရှိကြသကဲ့သို့ လိုက်နာမှုမရှိကြဘဲ မောင်တောမြို့ထဲတွင် ဆက်လက် နေထိုင်ခဲ့ကြသူများလည်း ရှိကြောင်း AA က ဆိုသည်။

မောင်တောမြို့တစ်မြို့လုံးကို အဆင့်ဆင့်သော ခုခံစစ်များဖြင့် ပြင်ဆင်ထားသော စစ်ကောင်စီက မောင်တောမြို့၏ ရပ်ကွက် ၁၊ ရပ်ကွက် ၂ ၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄၊ ကညင်တန်း ရပ်ကွက် အစရှိသည့် ရပ်ကွက်များအတွင်းရှိ စစ်ရေးအရ အရေးပါပြီး အချက်အချာကျသော အထပ်မြင့် အဆောက်အအုံများ၊ တိုက်တာအိုးအိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားသော နေရာများအား ၎င်းတို့၏ စစ်စခန်းများ အဖြစ် အသုံးပြုပြီး ခုခံစစ်ကိုဆင်နွှဲလျက်ရှိကြောင်း၊ ထို့အတူ မောင်တောမြို့အတွင်းသို့ ဆက်သွယ်ထားသော တံတားများထဲတွင် “ရွှေဇားတံတား”မှလွဲ၍ တံတားအားလုံးကို ဖောက်ခွဲ ဖျက်ဆီးထားခဲ့ကြောင်း၊ ရွှေဇားတံတားအား ဖောက်ခွဲဖျက်စီးရန်ပြင်ဆင်နေစဉ်အတွင်း AA က တိုက်ခိုက်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ မပျက်စီးဘဲ ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article