မြင်းခြံမြို့ နန်းမြင့်ဂိတ်ကို ထွက်လာသည့် ပျူစောထီး ခေါင်းဆောင် သီတာယုမွန်အဖွဲ့ကို PDF တပ်ဖွဲ့က စောင့်ကြို တိုက်ခိုက်၊ ရေးမြို့နယ်တွင် စစ်တပ်ကင်းပုန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၄
မန္တလေးတိုင်း၊ မြင်းခြံမြို့၏ တောင်ဘက်ရှိ တောင်ရှေ့ဂိတ် (နန်းမြင့်ဂိတ်) ဘက်သို့ ထွက်လာသော မြင်းခြံပျူစောထီး ခေါင်းဆောင် သီတာယုမွန် အဖွဲ့ကို တိုက်ခိုက်ခဲ့ရာ အထိအ ခိုက်များပြားပြီး ကား ၁ စီး ထားခဲ့၍ ထွက်ပြေးသွားကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြင်းခြံမြို့ ပျူစောထီး ခေါင်းဆောင် သီတာယုမွန် ခေါင်းဆောင်၍ မြင်းခြံမြို့၏တောင်ဘက်ရှိ တောင်ရှေ့ဂိတ်(နန်းမြင့်ဂိတ်)ဘက်ကို သံပြား ကာ ကား ၂ စီး၊ ဖိုးဝှီးကား ၆ စီးဖြင့် ဖြင့်ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို Myingyan Black Tiger (MBT)တပ်ဖွဲနှင့် ညီနောင်မဟာမိတ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်းအပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် အကြာဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်သား၊ ပျူစောထီးများ အထိအခိုက်များစွာရရှိကာ ၎င်းတို့ စီးနင်းလိုက်ပါလာသော သံပြားကာ ကား ၁ စီးကို ပစ်ထားကာ ထွက်ပြေးသွားကြောင်း၊ ပစ်ခတ်ခဲ့သည့် သံပြားကာ ကားကို သိမ်းယူရန် ကြိုးစားစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းပစ်ကူရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“သေဆုံးထိခိုက်တော့မသိရသေးဘူး။ စုံစမ်းလို့မရဘူးဖြစ်နေတာ အထိကတော့တော်တော်နာသွား တာသေချာတယ်။ ကားတောင်ထားပြီး ပြေးသွားတာ မှုန်နေတာပဲ ပြီးတော့ ဂျက်ဖိုက်တာပါ တက် လာတာ ပစ်သွားတာမျိုးတော့မရှိဘူး။ ကားကို သွားတက်ယူရင်တော့ ပစ်လောက်တယ်။ အဲဒါ ကြောင့် သွားပြီး မယူခဲ့လိုက်တာ ကျနော်တို့ MBT တပ်ဖွဲ့အနေနဲ့ မြင်းခြံမြို့နယ်ထဲမှ မဟုတ်ဘူး။ မည်သည့်တိုင်း မည်သည့်မြို့နယ်မဆို စစ်ရေးအရှိန်အဆင်ပြေရင် ပြေသလို လုပ်သွားမှာဖြစ်တယ်။ အခုချိန်အထိ အခက်အခဲကြားကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့မိဘပြည်သူတွေကို အထူး ကျေးဇူးတင်တယ်။ အလေးလည်းပြုပါတယ်။ မကြာမီရရှိလာတော့မည့် အောင်မြင်မှုတွေအတွက် လည်း နိုင်တဲ့ဘက်က ဆက်လက်ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်းနှင့်အတူ မြင်းခြံခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂ နှင့် စွန်ရဲပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)သည် ဆက်လက် အရှိန်မြှင့်တင်ရန် ရှိနေပါသောကြောင့် မိဘ ပြည်သူများအနေဖြင့်လည်း မြင်းခြံ-နွားထိုးကြီး-တောင်သာ လမ်းပိုင်းအားမလိုအပ်လျှင် သွားလာခြင်း မပြုလုပ်ပါရန်နှင့်မဖြစ်မနေသွားလာရမည်ဆိုပါက မှန်ချမောင်းနှင်ပေးကြပါရန် MBTတပ်ဖွဲ့မှ အထူး မေတ္တာရပ်ခံထားသည်။
ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သာယာရွာဘုန်းကြီးကျောင်းအနီး ကင်းပုန်းဝပ်နေသော အကြမ်း ဖက်စစ်သားများကို အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ အချိန်ခန့်ကရေးမြို့နယ် ၊အောင်သာယာ ရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်း ယူထားသော စစ်ကောင်စီ၏ အမတ ၃၁၇ မှ တပ်သားများကို ပြောက်ကျားနည်းစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦး အ ပြင်းအထန် ဒဏ်ရာရရှိခဲ့ကြေင်း သိရသည်။
“ထွက်လာတာက တစ်လလောက်ကြပြီ၊ ဒီကောင်တွေ ပြန်မဝင်သေးတာ။ အဲဒီနားမှာပဲ လူခွဲပြီး ဖြန့်ချထားတာ အင်အား ၄၀ လောက်ရှိတယ်။ အပြန်အလှန်ပစ်ခတ်မှုက ၅ မိနစ်လောက်ပါပဲ၊ ကျနော်တို့ ပြောက်ကျားသွားပစ်တာဆိုတော့။ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တာမို့ မိဘပြည်သူတွေအနေနဲ့လမ်း ခရီးအသွားအလာ ဂရုစိုက် ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု တောင်ညိုစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် KNLAတပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။