ခင်ဦးမြို့နယ်၊ မုံလှရွာကို စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ သိန္နီမြို့နယ်ရှိ သံလွင်ရွာကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး
ရန်ကုန်၊ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီ ၅၃ မိနစ်ခန့်နှင့် ၅၈ မိနစ်ခန့်တွင် တံတားဦးမှတက်လာသည့် Yak-130 ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော ခင်ဦးမြို့နယ်အနောက်မြောက်ဘက်ခြမ်းရှိ မုံလှကျေးရွာကို ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထိခိုက်မှုအခြေအနေ မသိရသေးဘူး။ စစ်ကြောင်းထိုးနေတာမရှိသလို ဘာတိုက်ပွဲမှ ဖြစ်မထားဘူး။ မုံလှရွာက ကက်သလစ် ကာဒီနယ် ချားလ်ဘိုရဲ့ ကျေးရွာပါ။ ခရစ်ယာန်ဘာသာဝင်တွေနေထိုင်တဲ့ကျေးရွာပါပဲ ပြည်သူတွေ ရွာထဲမှာရှိနေတယ်။လက်ရှိ ထိခိုက်မှု ရှိမရှိ ဆက်လက်စုံစမ်းနေဆဲပါ။ ဖုန်းတွေက ဘယ်လိုမှဆက်သွယ်လို့မရသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
အလားတူ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ် သံလွင်ရွာရှိ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိလဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း MNDAA က ပြောဆိုသည်။
သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လျင်ဟော်ဒေသရှိ သံလွင်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် လေကြောင်းက တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲံ့ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၃ လုံး ထိမှန်ကာ ပျက်စီးခဲ့ကြောင်း၊ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သော်လည်း ပြည်သူများ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။