ရန်ကုန်၊ မေ ၈
ထိုင်းနိုင်ငံ၊ ဖိစနုလုခ်ခရိုင်၊ ဖရုံဖိရမ်းမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၁၀ ဦးကို ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
ယနေ့ မေလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ဖရုံဖိရမ်းမြို့နယ်အတွင်းရှိ လမ်းမကြီးအမှတ် ၁၁ ပေါ်တွင် မြန်မာလုပ်သားများ ပြည့်နှက်နေအောင် တင်ဆောင်လာသည့် ပစ်ကပ်ကား ၁၀ စီးခန့်ကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က တွေ့ရှိသဖြင့် စစ်ဆေးရန် ကြိုးပမ်းခဲ့ကြောင်း၊ ရှေ့ဆုံးမှ ကားက ထိုင်း ရဲတပ်ဖွဲ့ကို မြင်တွေ့သွား၍ လမ်းကြောင်းပြောင်းကာ ထွက်ပြေးခဲ့ပြီး ကျန်ရှိသည့် ကားများမှာလည်း အနီးနားရှိ တောအုပ်များအတွင်းသို့ လူစုခွဲကာ ထွက်ပြေးခဲ့ကြကြောင်း သိရှိရသည်။
ယင်းနောက် ထွက်ပြေးသွားသော ကားများနှင့် မြန်မာများကို ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းအာဏာပိုင်များက ပူးပေါင်း ပိတ်ဆို့ရှာဖွေခဲ့ရာ မြန်မာလုပ်သား ၁၁၀ ဦးနှင့် ပို့ဆောင်ပေးသူ တချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းချက်အရ မြန်မာလုပ်သားများကို ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသများသို့ ပို့ဆောင်ပေးရန် ဖြစ်ပြီး တစ်ဦးလျှင် ပွဲစားခ ထိုင်းဘတ်ဘတ် ၂၀,၀၀၀ ပေးဆောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိချိန်တွင် ဖမ်းဆီးရမိသည့် မြန်မာလုပ်သား ၁၁၀ ဦးလုံးကို “ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှု” ဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ လွှဲပြောင်းကာ ဥပဒေအရ အရေးယူနိုင်ရန် ဖရုံဖိရမ်းမြို့နယ်ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။






