31.3 C
Yangon

ဖားကန့်တွင် စစ်တပ်က လေကြောင်းဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်သဖြင့် လူနေအိမ်နှင့် ဆိုင်ခန်းများ မီးလောင်ပျက်စီး၊ ပြည်သူများ ထိခိုက်မှုရှိနိုင်

Must read

ရန်ကုန်၊ မေ ၈

ကချင်ပြည်နယ်၊ ဖားကန့်ရတနာမြေအတွင်းရှိ လူနေထူထပ်ရာ ရပ်ကွက်များနှင့် ကျောက်စိမ်းလုပ်ကွက်များကို ယနေ့ မေလ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု၏ နေအိမ်၊ ဆိုင်ခန်းများနှင့် ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျာဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ဆိုက်ထဲသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပထမအကြိမ် ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော် အနီးတစ်ဝိုက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးလာကျဲသွားတာ။ ကုမ္ပဏီဝင်းထဲကို ကျဲတာဆိုတော့ အပျက်အစီး အခြေ အနေကိုတော့ အတည်ပြုဖို့ ကြိုးစားနေတုန်းပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းနောက် ယနေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် လုံးခင်း-မှော်စီစာ ကားကြီးပတ်လမ်းနှင့် ကုဋေအုပ်စု ဆက်သွယ်ထားသည့် လမ်းဆုံနေရာသို့ ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါနေရာသည် လူနေအလွန်ထူထပ်သည့် နေရာဖြစ်ပြီး ခရေဇီလက်ဖက်ရည်ဆိုင်၊ Jade Power လက်ဖက်ရည်ဆိုင်တို့အနီးရှိ ကွမ်းယာဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်နှင့် အထည်ဆိုင်များ တိုက်ရိုက်ထိမှန်ကာ မီးလောင်ပျက်စီးခဲ့သည်။

လက်ရှိတွင် ဆင်ဖြူတော်ဆီဆိုင်နှင့် အဂလီကန်ဘုရားကျောင်း အနီးတစ်ဝိုက်၌ မီးလောင်ကျွမ်းမှုများ ပြင်းထန်ခဲ့ပြီး လူထိခိုက်မှုအခြေအနေကိုမူ အသေးစိတ် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားများ နေထိုင်ရာနှင့် စီးပွားရေးလုပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ဝေဖန်နေကြသည်။ လေယာဉ်သံများ ဆက်လက်ကြားနေရသည့်အတွက် ဖားကန့်ဒေသခံများမှာ ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article