တအာင်းပြည် ကျန်းမာရေး ကောင်စီ Ta’angland Health Council – THC တွင် CDM ကျန်းမာရေး ပညာရှင်များ အပါအဝင် ဒေသတွင်း ကျန်းမာရေး ပညာရှင်များ တာဝန် ထမ်းဆောင်ရန် TNLA ဖိတ်ခေါ်
ရန်ကုန်၊ ဩဂုတ် ၂၆
တအာင်းပြည် ကျန်းမာရေး ကောင်စီ Ta’angland Health Council – THC တွင် CDM ကျန်းမာရေး ပညာရှင်များ အပါအဝင် ဒေသတွင်း ကျန်းမာရေး ပညာရှင်များ တာဝန် ထမ်းဆောင်ရန် TNLA က ဖိတ်ခေါ်လိုက်သည်။
CDMကျန်းမာရေးဝန်ထမ်းများ၊ ပြင်ပကျန်းမာရေးပညာရှင်များ၊ သူနာပြုနှင့် သားဖွားဆရာမများ၊ ဓာတ်ခွဲဓာတ်မှန်ပညာရှင်များစသည့် ကျန်းမာရေးပညာရှင်များ အားလုံးကို တအာင်းပြည်ကျန်းမာရေးကောင်စီနှင့်အတူ လာရောက်လက်တွဲ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဖိတ်ခေါ်ကြောင်း တအာင်းပြည်ကျန်းမာရေးကောင်စီ၏ ကြေညာချက်တွင် ပါရှိသည်။
ဩဂုတ်လ ၂၀ ရက်နေ့တွင် PSLF/TNLA ဗဟိုဌာနချုပ်ရုံး၌ ကျန်းမာရေးဆိုင်ရာ စုံညီအစည်းအဝေးကို ကျင်းပခဲ့ကာ PSLF/TNLA က တာဝန်ယူအုပ်ချုပ်နေသော မြို့နယ်အသီးသီးရှိ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြကြောင်း၊ ထို့ပြင် တအာင်းပြည်ကျန်းမာရေးကောင်စီ Ta’angland Health Council – THC ကို ကောင်စီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အစည်းအဝေးကို တအာင်းပြည်သို့ ရောက်ရှိပြီး တော်လှန်ရေး တာဝန်အသီးသီးတွင် ပါဝင်ထမ်းဆောင်နေသော Medical Family Mandalay – MFM မှ ကျန်းမာရေးမိသားစုဝင် များ၊ CDM ကျန်းမာရေးပညာရှင်များ၊ ဒေသခံကျန်းမာရေးပညာရှင်များကို ဖိတ်ကြား၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကျန်းမာရေးကောင်စီသည် တအာင်းပြည်ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်အတူ ရောဂါကုသမှုလုပ်ငန်းများနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း များကို အဓိကထားလုပ်ဆောင်သွားမည့်အပြင် ရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးနှုန်းလျော့ကျလာစေရန်၊ ကျန်းမာစွာ သက်တမ်းစေ့နေနိုင်ရေးနှင့် ပျမ်းမျှသက်တမ်း ပိုမိုမြင့်မားလာစေရန်တို့အတွက် ကျန်းမာရေးအဆင့်မြင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။